မိုင်းငေါ့ စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(မြောက်ပိုင်)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေသနေပြည်သူများအသိပညာဗဟုသုတရရှိစေရန်၊ စာအုပ်စာစောင်များ ကိုဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်နှင့် စာပေ၏အကျိုးကျေးဇူးအကြောင်း သိရှိစေရန်ရည်ရွယ်၍ မိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များကို အခမဲ့ငှားရမ်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက် (၁၀)နာရီ အချိန်တွင် အ.မ.ကကျောင်း သို့သွားရောက်၍ စာအုပ်စာစောင်များကို အခမဲ့ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
အဆိုပါမိုဘိုင်းစနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းရာတွင် စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ကျောင်းသား/သူများ အားလပ်ချိန်တွင် ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုတတ်သည့် အလေ့အကျင့်ရှိစေရန်၊ စာအုပ်စာစောင်များကို ဖတ်ရှုခြင်းဖြင့် စာပေ၏ အကျိုးကျေးဇူးများအကြောင်း သိရှိစေရန်နှင့် စာကြည့်တိုက်သို့လာရောက်ပြီး စာအုပ်စာစောင်များ ငှားရမ်းဖတ်ရှုသည့် အလေ့အကျင့်ရှိစေရန်အတွက် စာအုပ်စာစောင်များကို အခြေခံပညာကျောင်းများသို့ သွားရောက်ပြီး မိုဘိုင်းစနစ်ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ကျောင်းသား/သူများ ဖတ်ရှုနိုင်စေရန် ရုပ်ပုံပြပုံပြင်စာအုပ်များနှင့် ရုပ်ပြကာတွန်း စာအုပ်များ၊ တေဇရုပ်စုံ၊ Happy Time စသည့်စာအုပ်များကို တစ်ဦးလျှင် တစ်အုပ်နှုန်းဖြင့် ငှားရမ်းခဲ့ကြောင်း သိရသည်။
စာကြည့်တိုက်သို့ မလာရောက်နိုင်သည့် ဒေသနေပြည်သူများအတွက် အပတ်စဉ် ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများသို့ မိုဘိုင်းစနစ်ဖြင့် ဗဟုသုတရရှိနိုင်မည့် သုတ/ရသ စာအုပ်များ ကိုလည်း စနစ်တကျငှား ရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)