လယ်ဝေးမြို့နယ်တွင် ဆောင်းနေကြာစိုက်ပျိုးသည့် ကျေးရွာအုပ်စုများအား တောင်သူပညာပေးသင်တန်းဖွင့်လှစ်

လယ်ဝေး စက်တင်ဘာ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ၂၀၂၂-၂၀၂၃ ခုနှစ်၊ ဆောင်းနေကြာစိုက်ပျိုးသည့် ကျေးရွာအုပ်စုများအား တောင်သူပညာပေးသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက လယ်ဝေးမြို့၊ သီရိမင်္ဂလာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်ဦးမြင့်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် နိုင်ငံတော်၏ဦးတည်ချက်များဖြင့် တောင်သူ၊ ကျေးလက်နေပြည်သူများဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးအတွက်အဓိကကျသည့် နည်းပညာပေးသင်တန်းဖြစ်ပါကြောင်း၊ နိုင်ငံတော်၏လမ်းညွှန်မှုဖြင့် သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနတို့၏ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးမှုတို့ကို တောင်သူဦးကြီးများအနေဖြင့် သေသေချာချာမှတ်သား၍ လက်တွေ့ဆောင်ရွက်သွားကြရန်၊ လိုက်နာဆောင်ရွက်ကာ ရေရှည်အသုံးတည့်ပြီး အကျိုးရှိအောင်ပူးပေါင်းဆောင်ရွက်ကြရန်၊ နိုင်ငံတော်အစိုးရ၊ သက်ဆိုင်ရာဝန်ကြီးဌာနနှင့် ပြည်သူလူထုများ ပူပေါင်းပါဝင်မှသာ ဦးတည်သွားနေသည့် ပြည်သူလူထု၏စီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဆောင်က လယ်ဝေးမြို့နယ်တွင်  ဆီထွက်သီးနှံများဖြစ်သည့် နေကြာ၊ မြေပဲနှင့်နှမ်း စိုက်ပျိုးရေးလုပ်ငန်းများကို ပိုမိုစိုက်ပျိုးထုတ် လုပ်သွားမည်ဖြစ်ကြောင်း ဖြည့်စွက်ပြောကြားပြီး နေပြည်တော် စိုက်ပျိုးရေးဦးစီးဌာန၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးစိုးနိုင်က မြို့နယ်များအလိုက် စိုက်ပျိုးထားသည့် သီးနှံအမျိုးအစားများ၏ မြေဧကများ၊ ရေရရှိမှုများ၊ ထုတ်လုပ်နိုင်မှုအခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးဝင်းအောင်က နေကြာစိုက်ပျိုးရာတွင် လိုအပ်သည့် ရေလုံလောက်စွာရရှိနိုင်ရေး၊ ခေတ်မီစက်ကြီးများအသုံးပြု၍ အစိုဓာတ်ရရှိနိုင်မည့် မြေအနေအထားကို အသုံးပြုနိုင်ရေး၊ ပိုးသတ်ဆေးများကို စနစ်တကျအသုံးပြုနိုင်ရေးနှင့် သဘာဝဓာတ်မြေဩဇာများ ထုတ်လုပ်အသုံးပြုနိုင်ရေးတို့ကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စိုက်ပျိုးရေးဦးစီးဌာနမှ တက်ရောက်လာကြသည့် တောင်သူများအား စနစ်တကျ စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် (၁)ရက်တာ တောင်သူပညာပေးသင်တန်းပို့ချခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)