ရမည်းသင်း စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့အမှတ် (၅) မြို့မအခြေခံပညာအထက်တန်းကျောင်း၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းအောင် ဂုဏ်ထူးရကျောင်းသား၊ ကျောင်းသူများ အား ပညာရည်ချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့မအခြေခံပညာ အထက်တန်းကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ကျောင်းသား၊ ကျောင်းသူများမှ မြန်မာ့ကျောင်းသား ဂုဏ်ပြုသီချင်းကို ဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီး ခရိုင်ပညာရေးမှူး ဒေါ်ခင်မာမာအေးက နိုင်ငံတော်အစိုးရက နိုင်ငံအဝှမ်း ပညာရည်တိုးတက်မြင့်မားစေရန် အခြေခံပညာကျောင်းများကို အဆင့်တိုးမြှင့် ဖွင့်လှစ်ပေးသလို ကျောင်းနေအရွယ် ကလေးများအားလုံး ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေး ဥပဓိရုပ်ကောင်းသည့် စာသင်ကျောင်းများအဖြစ် ပေါ်ထွန်းလာစေရန် နိုင်ငံတော်နှင့် ပြည်သူ လက်တွဲ၍ တည်ဆောက်ပေးနေကြောင်း၊ အရည်အသွေးမြင့်မားသော မျိုးဆက်သစ် လူငယ်များကို မွေးထုတ်ပေးနိုင်မည့် ဘက်စုံပညာရေးစနစ်ကို နိုင်ငံတော်က ထူထောင်ပေးထားပြီး ပညာရေးစနစ် သက်ဝင်ရှင်သန်ဖွံ့ဖြိုးတိုးတက်လာစေရန် တာဝန်ရှိ ပညာရေးဝန်ထမ်းများမှ မိဘများနှင့်ပူးပေါင်းပြီး ညီညီညွတ်ညွတ်ဝိုင်းဝန်း ထိန်းသိမ်းမြှင့်တင် ဆောင်ရွက်ပေးရေးနှင့် ကျောင်းသား/သူများ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ၊ သက်မွေးဘက်စုံဖွံ့ဖြိုးတိုးတက်သည့် စာသင်ကျောင်းဖြစ်အောင် မိဘ၊ ဆရာပူးပေါင်းပြီး ဝိုင်းဝန်းကြိုပမ်းဆောင်ရွက်ရေး ရှင်းလင်း ပြောကြားသည်။
ဆက်လက်၍ ရမည်းသင်းမြို့၊ မြို့မအခြေခံပညာအထက်တန်းကျောင်း ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ကြသည့် ကျောင်းသား/သူများအား ခရိုင်ပညာရေးမှူးနှင့် တာဝန်ရှိသူများက လေးဘာသာဂုဏ်ထူးရှင်တစ်ဦး၊ သုံးဘာသာ ဂုဏ်ထူးရှင် (၄) ဦး၊ တစ်ဘာသာဂုဏ်ထူးရှင် (၂၁) ဦး စုစုပေါင်း (၂၆) ဦးတို့ကို ပညာရည်ချွန်ဆုကို အသီးသီးဂုဏ်ပြုများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
ဇော်ဝင်းအောင်(ခရိုင်ပြန်/ဆက်)