ပင်လုံမြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ မိဘဆရာအသင်း နှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ပွဲအခမ်း အနားကျင်းပ

ပင်လုံ စက်တင်ဘာ၅

ပင်လုံမြို့၊ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မိဘဆရာအသင်းနှစ်ပတ်လည်အစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက်၉ နာရီခွဲအချိန်တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

ရှေးဦးစွာ အခမ်းအနားကို ဧကာဒသမတန်းကျောင်း သား/ကျောင်းသူလေးများက ပညာရည်ထူးချွန် သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီး၊ လွိုင်လင်ခရိုင်၊လွိုင်လင်မြို့နယ်၊ မြို့နယ်ပညာရေးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပါသည်။ ဆက်လက်၍ အထက(၁)ပင်လုံ၏ မိဘ ဆရာအသင်း ဒု-ဥက္ကဋ္ဌ မှ ၂၀၂၂-၂၀၂၃ ပညာသင် နှစ်အတွက် မိဘဆရာအသင်း အလုပ်မှုဆောင်အဖွဲ့ အမည် စာရင်းသစ်များ ဖတ်ကြားပေးခြင်းနှင့်ကျောင်း၏ လုပ်ဆောင်ချက်များအား ရှင်းလင်း ပြောကြား ပေးခဲ့ပါသည်။

အဆိုပါ အခမ်းအနားတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် ထူးချွန်အောင် မြင်စေရန်သင်ကြားပေးခဲ့သည့် အထက်တန်းပြ ဆရာ/ဆရာမများအား ကျောင်းအုပ်ဆရာမကြီးမှ ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း၊ ထူးချွန်စွာအောင်မြင်ခဲ့​သော ကျောင်းသား/ကျောင်းသူများအား တက်ရောက်လာကြသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျောင်းအုပ်ဆရာ/ဆရာမ များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များမှ  ဆုများချီးမြှင့်ပေးခဲ့ပါသည်။

ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွင်းပြည်ထောင်စုနေ့ အထိမ်းအမှတ်၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးအထိမ်းအမှတ်၊ (၇၅) နှစ် မြောက်အာဇာနည်နေ့ အထိမ်းအမှတ်၊ ကျောင်းကျန်း မာရေးသီတင်းပတ် အနေဖြင့် စာစီစာကုံး/ ကဗျာ/ ဆောင်းပါး/ ပန်းချီ/ ပိုစတာ/ကာတွန်းပြိုင်ပွဲများတွင် ဆုရရှိသော ကျောင်းသား/ကျောင်းသူများကို ဆုများ အသီးသီးချီးမြှင့်ပေးခဲ့ပြီး တိုင်းရင်းသားရိုးရာ အကအလှများဖြင့် ဖျော်ဖြေဧည့်ခံ၍ ကျောင်းသား/ကျောင်းသူများ ဆုပေးနိုင်ပါရန်အတွက် ဝိုင်းဝန်းကူညီလှူဒါန်းပေးပါသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)