သထုံ စက်တင်ဘာ ၁၅
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းကာ ယနေ့နံနက်က ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေး အသိပညာပေးခြင်းနှင့် ပါးစပ်နှာခေါင်းစည်း မဖြစ်မနေ တပ်ဆင်ရေး Mask Campaign ဆောင်ရွက်ခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူတို့က သထုံမြို့၊ အဝေးပြေးကားဝင်းအရှေ့ရှိ ရန်ကုန်-မော်လမြိုင် အဝေးပြေးကားလမ်းမပေါ် သွားလာလှူပ်ရှားနေကြသည့် မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ၊ ခရီးသွားလာနေကြသည့် ပြည်သူများ၊ အခြေခံပညာ အထက်တန်းကျောင်းများ၌ ကျောင်းသို့ လာရောက်ကြသည့် ကျောင်းသား၊ ကျောင်းသူများအား အိုမီခရွန်အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ နေထိုင်ရေး၊ နေအိမ်ပြင်ပ ထွက်ခွာပါက ပါးစပ်နှင့် နှာခေါင်းစည်း Mask ကို စနစ်တကျ တပ်ဆင်သွားလာကြရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံမှုများကို အကြိမ်ပြည့် မပျက်မကွက် ခံယူကြရေး စသည်တို့ကို အသိပညာပေး ပြောကြားပြီး နှာခေါင်းစည်း Mask (၆၀၀၀) ကျော်အား အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)