သာစည်၊ စက်တင်ဘာ ၁၅
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ကိုဗစ် − ၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး မျိုးသန့်မျိုးစေ့ထုတ်တောင်သူများအား တစ်ဧကလျှင် ထောက်ပံ့ကြေးငွေကျပ် ၁၄၈၅၀၀ နှုန်းဖြင့် နှစ်ရစ်ခွဲပြီး ထောက်ပံ့ပေးအပ်လျက်ရှိရာ ဒုတိယအရစ် ငွေကျပ် ၆၅၀၀၀ ယနေ့နံနက်က လှိုင်းတက်စိုက်ပျိုးရေးနည်းပညာ ပြန့်ပွားရေးစင်တာ၌ ကိုဗစ်-၁၉ ကာကွယ်ရေးလမ်းညွှန်ချက်များနှင့်အညီ တောင်သူတစ်ဦးချင်း လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။
ထောက်ပံ့ကြေးငွေပေးအပ်ရာတွင် လူစုလူဝေးမဖြစ်စေရန် ကျေးရွာတစ်ရွာချင်းကို ခေါ်ယူထောက်ပံ့ပေးခြင်းဖြစ်ပြီး ကုက္ကိုကန်ကျေးရွာမှတောင်သူ ၁၁ ဦး၏စိုက်ဧက ၁၈ ဧကနှင့် သာယာကုန်းကျေးရွာမှ တောင်သူ ၅ ဦး၏ စိုက်ဧက ၇ ဧကတို့ကို ပေးအပ်ခဲ့ကြောင်း သိရသည်။ ထောက်ပံ့ငွေပေးအပ်ချိန်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်မိုးမိုးငွေနှင့် ဝန်ထမ်းများက တောင်သူများအား စိုက်ပျိုးရေးနည်းပညာများ ဆွေးနွေးပညာပေးခြင်းနှင့် တောင်သူများ တွေ့ကြုံရသည့်အခက်အခဲများ အဆင်ပြေစေရန် ညှိနှိုင်းဆွေးနွေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် ကန်သစ်ကျေးရွာသို့ သွားရောက်ပြီး တောင်သူ ၄ ဦး၏စိုက်ဧက ၈ ဧကအတွက် တောင်သူတစ်ဦးချင်း လက်ဝယ်အရောက် ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
သာစည်မြို့နယ်တွင် ကျေးရွာ ၁၀ ရွာမှ တောင်သူ ၁၉၂ ဦးတို့က မိုးစပါး မျိုးသန့်မျိုးစေ့ထုတ် လုပ်ငန်း စိုက်ဧက ၂၈၅ ဧကကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထွန်းထွန်း(ပြန်/ဆက်)