တံတားဦး စက်တင်ဘာ ၁၅
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား ၊ ကျောင်းသူများအား လူမှောင်ခိုလူကုန်ကူးမှု အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့စာကြည့်တိုက် (Community Centre ) ခန်းမ၌ ကျင်းပကြောင်းသိရသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဦးဘိုမောင်က လူမှောင်ခို၊ လူကုန်ကူးမှုဆိုသည်မှာ ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း၊ အဓမ္မခေါ်ဆောင်ခြင်း၊ လိမ်လည်ခြင်း၊ အာဏာအသုံးပြုခြင်း၊ ရပ်တည်ရန်ခက်ခဲသော အခြေအနေကို အလွဲသုံးစားပြုလုပ်ခြင်း စသည်တို့ပါဝင်ပါကြောင်း၊ ဒါ့အပြင်လွဲပြောင်းခြင်း၊ ခိုလှုံခွင့်ပြုခြင်း၊ လက်ခံခြင်းများကို လုပ်ဆောင်ကာ မိမိသဘောဆန္ဒမပါဘဲ အဓမ္မစေခိုင်းခြင်း၊ ကျွန်ပြုခံရခြင်း၊ လိင်ဖျော်ရေးလုပ်ငန်းများတွင် အသုံးချခံရခြင်း စသည်တို့လည်း ပါဝင်ပါကြောင်း ၊ ပြည်သူများအနေဖြင့် လူမှောင်ခို၊ လူကုန်ကူးမှုပပျောက်ရေးတွင် မိမိတို့တတ်စွမ်းသမျှ ဝိုင်းဝန်းကူညီဆောင်ရွက်ပေးရန် လိုကြောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာသူများက မူးယစ်ဆေးဝါးအန္တရာယ် အကြောင်းနှင့် ပတ်သတ်သက်၍ မိမိတို့သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ ဦးစီးအရာရှိက မိမိလေ့လာမှတ်သားထားသည်များကို ပြန်လည်ဖြေကြားပေးကြသည်။ အဆိုပါ အခမ်းအနားသို့ တံတားဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ တံတားဦးမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများ၊ ဆရာ/မများ တက်ရောက် ကြကြောင်း သိရသည်။
ရဲတင့်