သထုံမြို့နယ်တွင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ သထုံတပ်နယ်မှ ဦးစီး၍ အခြေခံစားသောက်ကုန်များကို သက်သာသော နှုန်းထားဖြင့် ရောင်းချ

​သထုံ စက်တင်ဘာ ၁၅

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ဒေသတွင်း အခြေခံလက်လုပ်လက်စားပြည်သူများ စားသောက်ရေး အထောက်အကူဖြစ်စေနိုင်ရေးအတွက် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ သထုံတပ်နယ်မှ ဦးစီး၍ အခြေခံစားသောက်ကုန်များကို သက်သာသော နှုန်းထားဖြင့် ယနေ့ နံနက်ပိုင်းက သထုံမြို့၊ ရွှေစာရံစေတီတော်အနောက်ဖက်မုခ်အနီးရှိ ယာဉ်ရပ်နားကွင်း၌ လာရောက်ရောင်းချပေးခဲ့ကြောင်း သိရသည်။

အခြေခံလက်လုပ်လက်စားပြည်သူများအတွက် သထုံတပ်နယ်မှ ဦးဆောင်မှုဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဆီလုပ်ငန်းရှင်များ၊ ဆန်လုပ်ငန်းရှင်များတို့ ပူးပေါင်းကာ ဆန်တစ်ပြည်လျှင် ၁၃၀၀ ကျပ်၊ ဆီတလီတာဘူး တစ်ဘူးလျှင် ၂၅၀၀ ကျပ်၊ ကြက်ဥ ၆ လုံး ၁၀၀၀ ကျပ်နှင့် အသားငါး၊ နွားနို့၊ ဟင်းသီးဟင်းရွက်များ၊ တပ်မတော်စက်ရုံထုတ်ကုန်ပစ္စည်းများတို့ကို သက်သာသော နှုန်းထားများဖြင့် ရောင်းချပေးခဲ့ရာ ဒေသခံပြည်သူအများအပြား ဝမ်းမြောက်ပျော်ရွှင်စွာ လာရောက်ဝယ်ယူခဲ့ကြသည်။

အဆိုပါအစီအစဉ်တွင် ဆန် ၁၂၀၀ ပြည်၊ ဆီပိဿာပေါင်း ၅၀၀ နှင့် အသားငါး၊ ကြက်ဥ၊ နွားနို့၊ ဟင်းသီးဟင်းရွက်များ၊ တပ်မတော်စက်ရုံထုတ်ကုန်ပစ္စည်းများတို့ကို ရောင်းချပေးခဲ့ပြီး ပြည်သူအများ အေးချမ်းပျော်ရွှင်စွာ လာရောက်ဝယ်ယူနေမှုအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်း၊ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ သထုံတပ်နယ်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များက ကြည့်ရှုအားပေးကာ ပြည်သူများလိုအပ်သည်တို့ကို ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

နဒီ(ပြန်/ဆက်)