ဝမ်းတွင်းမြို့၌ ကမ္ဘာဆရာများနေ့ စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ဝမ်းတွင်း စက်တင်ဘာ ၁၅

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့ရှိ လူထုအခြေပြုဗဟိုဌာနတွင် ကမ္ဘာဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မူမြစောမှ ကမ္ဘာဆရာများနေ့ အထိမ်းအမှတ် ပြပွဲပြိုင်ပွဲများ ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက် များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခြေခံပညာအထက်တန်းကျောင်း (သဲတော) ခေတ္တကျောင်း အုပ်ဆရာကြီးဦးသန်းဆောင်မှ ပြိုင်ပွဲနှင့် ပတ်သက်၍ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများမှ ကမ္ဘာဆရာ များနေ့ စာစီစာကုံးပြိုင်ပွဲကို ပါဝင်ယှဉ်ပြိုင်ကြသည်။

အဆိုပါ ကမ္ဘာဆရာများနေ့ စာစီစာကုံးပြိုင်ပွဲကို အခြေခံပညာထက်တန်းကျောင်း(သဲတော) အလယ်တန်းအဆင့် ကျောင်းသားကျောင်းသူ(၂၀)ဦးမှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအပြီး တွင် ဆုရကျောင်းသား/ ကျောင်းသူများအား ဒိုင်းဆုနှင့် အမှတ်တရ လက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့သည်။ ဆက်လက်၍ ဆရာဆရာမများနှင့် ကျောင်းသား၊ ကျေင်းသူများက ကမ္ဘာဆရာများနေ့အထိမ်းအမှတ် ပြသထားသော နံရံကပ်စာစောင်များကို လေ့လာကြည့်ရှု ခဲ့ကြကြောင်းသိရသည်။

ရဲမျိုးသက်