ပြင်ဦးလွင်မြို့နယ်၌ ဆန်၊ ဆီ၊ ဆား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်များနှင့် စားသောက်ကုန် ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချ

ပြင်ဦးလွင် စက်တင်ဘာ ၁၅

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဒေသတွင်းစားနပ်ရိပ်က္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများစားသောက်ရေးတွင် အထောက်အကူဖြစ်စေရန်ရည်ရွယ်၍ တိုင်းစစ်ဌာနချုပ် နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက တန်ဖိုးသင့် ထမင်းဟင်းများ၊ ဟင်းသီးဟင်းရွက်များနှင့် တပ်မတော်စက်ရုံထုတ် အသား၊ ငါးဘူးများနှင့် စားသောက်ကုန် ပစ္စည်းများကို သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရောင်းချပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ နယ်မြေခံ တပ်မတော်သားများက တစ်ပိုင်တစ်နိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ဘက်စုံ စိုက်ပျိုး မွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက် ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော် စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကစ်နှင့် စည်သွပ်ဘူးများ စသည့် စားသောက်ကုန် ပစ္စည်းများကိုလည်းကောင်း၊ စားသုံးသူရေးရာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းက စားသုံးဆီများကိုလည်းကောင်း ပြင်ဦးလွင်မြို့နယ် မီးရထားဘူတာအနီး၌ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ သည်။

အဆိုပါ ရောင်းချပေးနေမှုများကို ပြင်ဦးလွင်တပ်နယ်မှ တာဝန်ရှိသူများ၊ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦး၊ ခရိုင်နှင့်မြို့နယ်မှ ဌာနဆိုင်ရာတာဝန်ရှိ သူများက လာရောက်ကြည့်ရှုအားပေးပြီး ဈေးဝယ်သူဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေးအတွက် အသိပညာပေးဆောင်ရွက်ခြင်း၊ Mask တပ်ဆင်၍သွားလာကြရန် လှုံ့ဆော်ခြင်းနှင့် Mask များအား ဒေသခံပြည်သူများ လက်ဝယ်အရောက် ပေးဝေ လှူဒါန်းခြင်းများကို ကျန်းမာရေးဦးစီးဌာန၊  ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာ ကျော်သူလင်း ဦးဆောင်သော ဝန်ထမ်းများနှင့် မန္တလေးဆေးတက္ကသိုလ် နောက်ဆုံးနှစ် (အပိုင်း-က) မှ ဆေးကျောင်းသား/ ဆေးကျောင်းသူများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အသင်းနှင့် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများက Mask Campaign  ပြုလုပ်ခဲ့ ကြောင်း သတင်းရရှိသည်။

ဖြူလူသစ် (ခရိုင်ပြန်/ဆက်)