ကန်ပိုက်တီ စက်တင်ဘာ ၁၅
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ကန်ပိုက်တီမြို့ အမှတ် (၁)ရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်း မေခခန်းမ၌ မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့ နံနက် (၁၁) နာရီက ကျင်းပခဲ့ပါသည်။
ရှေးဦးစွာ ကန်ပိုက်တီမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်လွင်က အဖွင့်အမှာစကား ပြောကြားပြီး မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးဝထုံဇယ်ဒိုင်က ဆေးရောင်ခြယ်ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် မူလတန်းအဆင့် ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၂၅) ဦးတို့က တပျော်တပါး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆေးရောင်ခြယ်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယနှင့် နှစ်သိမ့်ဆုများရရှိသည့် ကျောင်းသား ကျောင်းသူများအား ကန်ပိုက်တီမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန် ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
အဆိုပါ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့်အတူ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာအုပ်စာစောင်ပြပွဲကျင်းပရာ ကန်ပိုက်တီမြို့ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည်ရှုခဲ့ကြသည်။
ကန်ပိုက်တီ(ပြန်/ဆက်)