မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ ချည်မျှင်ရှည်ဝါအထူးဇုံ စိုက်ပျိုးရန် သတ်မှတ်လျာထားသည့် စိုက်ဧက ၃၀၀၀ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး

မိတ္ထီလာ စက်တင်ဘာ ၁၅

မိတ္ထီလာခရိုင်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၌ မိုး/မိုးနှောင်းချည်မျှင်ရှည်ဝါ အထူးဇုံ စိုက်ပျိုးသွား ရန် သတ်မှတ်လျာထားသည့် စိုက်ဧက ၃၀၀၀ မှာ ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

၂၀၂၂-၂၀၂၃ဘဏ္ဍာရေးနှစ်၌ မိုး/မိုးနှောင်း ချည်မျှင်ရှည်ဝါအထူးဇုံများကို မိတ္ထီလာခရိုင်စိုက်ပျိုးရေး ဦးစီးဌာန၏ ကြီးကြပ်မှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ သာစည်မြို့နယ်နှင့် ဝမ်းတွင်းမြို့နယ်များရှိ ကျေးရွာအုပ်စု ၃၇ စုမှ ကွင်း ၈၇ ကွင်းတွင် တောင်သူ ၁၂၁၁ ဦးမှ စိုက်ဧက ၃၀၀၀ ကို စိုက်ပျိုး သွားရန် သတ်မှတ်လျာထားပြီး ချည်မျှင်ရှည်ဝါ အထူးဇုံများကို ဒေသခံတောင်သူများက ဇူလိုင်လ တတိယအပတ်မှ စတင်၍ စိုက်ပျိုးခဲ့သည်။ ယင်းသို့ စိုက်ပျိုးရာတွင် ချည်မျှင်ရှည်ဝါ အထူးဇုံများကို မိတ္ထီလာမြို့နယ်တွင်  စိုက်ဧက ၄၅၀၊ မလှိုင်မြို့နယ်တွင် စိုက်ဧက ၇၅၀၊ သာစည်မြို့နယ်တွင် စိုက်ဧက ၇၅၀ နှင့် ဝမ်းတွင်းမြို့နယ်တွင် စိုက်ဧက ၁၀၅၀ တို့ကို စိုက်ပျိုးခဲ့ရာ အဆိုပါ ချည်မျှင်ရှည်ဝါအထူးဇုံများတွင် ချည်မျှင်ရှည်ဝါ ရွှေတောင်-၈ ကို စိုက်ဧက ၅၆၂ ဧကနှင့် ချည်မျှင်ရှည်ဝါ ရွှေတောင် - ၁၀ ကို စိုက်ဧက၂၄၃၈ ဧက တို့ကို စိုက်ပျိုးထားရှိကြောင်း သိရသည်။

မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ပြောင်းလဲလာသည့်ရာသီဥတုနှင့်အညီ လိုက်လျောညီထွေဖြစ် ပြီး စိုက်ပျိုးထုတ်လုပ်သည့်နေရာမှာ တစ်ဧကအထွက်တိုး၍ ဝင်ငွေတိုးနိုင်သည့် ဝါသီးနှံကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးထုတ်လုပ်ခြင်းဖြင့် ဒေသခံတောင်သူလယ်သမားမှာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ခရိုင်အတွင်းရှိ ကျေးရွာများတွင် ချည်မျှင်ရှည်ဝါအထူးဇုံများ စိုက်ပျိုးနိုင်ရန် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း   သိရသည်။

သိန်းမြင့်ကျော် (မိတ္ထီလာ)