ပျော်ဘွယ် စက်တင်ဘာ ၁၅
ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးတွင် ဖွင့်လှစ်ထားသည့် ပြည်သူ့စာကြည့်တိုက်သို့ စာပေအမြဲလာရောက်ဖတ်ရှုသည့် ကျောင်းသား၊ ကျောင်းသူများလေးများ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပပေးခြင်းကို ယနေ့ မွန်းလွဲ (၁) နာရီက မြို့နယ်ရုံး Community Centre ခန်းမတွင် ကျင်းပသည်။
ပြိုင်ပွဲကျင်းပမှုနှင့်ပတ်သက်၍ "ယခုလိုပြိုင်ပွဲကျင်းပပေးရတာကတော့ ကလေးတွေ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်စေဖို့၊ မှတ်ဉာဏ်ရင့်သန်လာစေဖို့၊ စာပေကိုပိုမိုလေ့လာဖတ်ရှုတတ်တဲ့ အလေ့အကျင့် ကောင်းတွေရရှိစေဖို့၊ စာကြည့်တိုက်တွေကို ပညာဗဟုသုတရှာတဲ့အခါမှာ အသုံးပြုတတ်စေဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပပြုလုပ်ပေးခြင်း ဖြစ်ပါတယ်" ဟု မြို့နယ်ဦးစီးမှူး ဒေါ်စန်းစန်းကြူက ရှင်းပြသည်။
အဆိုပါပြိုင်ပွဲသို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၅)၊ အမှတ် (၂) အခြေခံပညာအထက်တန်း ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ(၅)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို အမှတ်တရလက်ဆောင်ပေး အပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး (ပျော်ဘွယ်)