စဉ့်ကိုင်မြို့နယ်တွင် မျောက်ကျောက်ရောဂါကာကွယ်ရေး အသိပညာပေးနှိုးဆော်       

စဉ့်ကိုင် စက်တင်ဘာ ၁၅   

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ မျောက်ကျောက်ရောဂါနှင့် ပတ်သက်သည့် အသိပညာပေးနှိုးဆော်ခြင်းများကို ယမန်နေ့ညနေ(၄)နာရီက လင်းဇင်းကျေးရွာ အတွင်းရှိ လမ်းဆုံနေရာများတွင် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့ ပြည်သူများသိစေရန် အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက အပတ်စဉ်အသိပေးနှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိရာ မျောက်ကျောက်ရောဂါ ဖြစ်ပွားမှုများမှာ ရောဂါပိုးရှိသည့် တိရစ္ဆာန်များနှင့်   မကျက်တကျက်ချက်ပြုတ်ထားသည့် အသားနှင့်အခြားရောဂါပိုးရှိသည့် တိရစ္ဆာန်များမှ ထုတ်လုပ်ထားသည့် ထုတ်ကုန်များ၊ စားသုံးမိခြင်း၊ ရောဂါပိုးရှိသူနှင့် အနီးကပ် ထိတွေ့ခြင်းမှလည်း ကူးစက်နိုင်ကြောင်း၊ မိမိတွင် မျောက်ကျောက်ရောဂါ ဖြစ်ပွားနေသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ အကြံဉာဏ်များရယူရန်၊ ဖြစ်နိုင်လျှင် မိမိအိမ်တွင် သီးခြား ခွဲနေထိုင်ရန်၊ အခြားသူများနှင့် နီးကပ်စွာထိတွေ့မှုကို​ ရှောင်ကြဉ်ခြင်းဖြင့် အခြားသူများအား မကူးစက်အောင်ကာကွယ်ရန်၊ အနီးကပ်ထိတွေ့မှုပြုလုပ်မည်ဆိုပါက နှာခေါင်းစည်းကို တပ်ဆင်အသုံးပြုရေးစသည့် ရှောင်ရန်အချက်များနှင့် ထိထိရောက်ရောက် ကာကွယ်နိုင်ရန်အတွက် မျောက်ကျောက်ရောဂါအကြောင်း အသိပညာပေးလိုက်လံနှိုးဆော်ခဲ့ကြောင်း သိရသည်။

၀င်း၀င်းသန်း(စဉ့်ကိုင်)