သုံးခွ စက်တင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန က ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင် ငွေတိုးပွားစေရန် ဆင်းရဲမှုနှုန်းလျှော့ကျစေရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် မှိုကုန်းသာကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ဖွင့်လှစ်ခဲ့သော အသက်မွေးဝမ်းကျောင်း အထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီ က ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင်၊ သန်လျင်ခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ သင်တန်းနည်းပြ ဒေါ်မြကေခိုင်တို့က သင်တန်းဆင်းအမှာစကား ပြောကြားသည်။ ဆက်လက်၍ မှိုကုန်းသာကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်မောင်လွင် က ကျေးဇူးတင်စကား ပြောကြားကြောင်း သိရသည်။
ထို့နောက် သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်နှင့် ထူးချွန်သူများအားဆုများကို တာဝန်ရှိသူများ က ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာကြသူများက သင်တန်းသူများ လက်တွေ့ချုပ်လုပ်ခဲ့သော အဝတ်အထည်များကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။ အဆိုပါသင်တန်းကို သင်တန်းနည်းပြ နှစ်ဦး က စာတွေ့လက်တွေ့ (၄၅)ရက်ကြာ သင်တန်းပို့ချပေးခဲ့ကြပြီး မှိုကုန်းသာကျေးရွာမှ သင်တန်းသူ ၃၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)