မိုင်းပန်မြို့နယ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မိုင်းပန်​  စက်တင်ဘာ​ ၁၅

​ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့် ဦးဆောင်မှုဖြင့် ကျောင်းသား/သူများအား လူကုန်ကူးခံရမှုမှကင်းဝေးစေရန်နှင့် လူကုန်ကူးမှုနှင့်ပတ်သက်၍ သိသင့်သိထိုက်သည်များ သိရှိစေရန်ရည်ရွယ်၍ သက်ဆိုင်ရာဌာန များပူးပေါင်းကာ  အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နမ့်ပန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

​အဆိုပါ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်က အဖွင့်အမှာစကားပြောကြားပြီး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသန်းထွန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးခြင်း၊ လူကုန်ကူးခံရစေနိုင်သည့်အကြောင်းအရာများ၊ မူးယစ်ဆေးဝါး နှင့် စိတ်ကိုပြောင်းလဲ စေသောဆေးဝါးများဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်တရားသူကြီး ဦးအာကာဝင်းအောင်က လူကုန်ကူးမှုတားဆီးကာကွယ်ရေး၏ နောက်ခံ သမိုင်းကြောင်းနှင့် လုပ်ငန်းတာဝန်များ၊ လူကုန်ကူးခံရပါက တိုင်းကြားနိုင်သည့် အဖွဲ့အစည်းများ စသည့်အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးနိုင်လင်းထက်က လူကုန်ကူးမှုဖြစ်နိုင်တဲ့ အမျိုးအစားများ၊ ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းနှင့် လူကုန်ကူးမှုပပျောက်ရေးကို ဝိုင်းဝန်းကာကွယ်တားဆီးနိုင်ရန်စသည့် အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ် ကုသရေးဌာနဦးစီးမှူး ဒေါက်တာနိုင်လင်းထွန်းက ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ရောဂါကာကွယ်ထိန်းချုပ်ရေး ဆိုင်ရာညွှန်ကြားချက်များ၊ လမ်းညွှန်ချက်များ၊ ကိုဗစ်ရောဂါ မဖြစ်ပွားအောင် ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများ အသေးစိတ်ကိုလည်းကောင်း၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်နန်းငင်းလိန်က ကလေးသူငယ်စောင့် ရှောက်မှုဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းဟော ပြောခဲ့ကြကြောင်း သိရသည်။

​အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟန်ဇော်မြင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးသန်းထွန်း၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာနိုင်လင်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ဌာနမှ ဦးစီးအရာရှိ ဦးသန်းအောင်၊ မြို့နယ်တရားသူကြီး၊ မြို့နယ် ဥပဒေအရာရှိနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များ၊ ဆရာ/ဆရာမများ ကျောင်းသား/သူများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားသို့တက် ရောက်လာသူများအား မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့တို့က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေး လက်ကမ်း စာစောင်များကိုလည်းကောင်း၊ မြို့နယ်ကျန်မားရေးဌာနမှ ကိုဗစ်-၁၉ ဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များကိုလည်းကောင်း အသီးသီးဖြန့်ဝေခဲ့ကြောင်း သိရသည်။

​​​မြို့နယ်(ပြန်/ဆက်)