ရပ်စောက် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် ဒေသခံပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ အသိပညာပေးခြင်းလုပ်ငန်းများနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဖြည့်ဆည်းပေးနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများပူးပေါင်းကာ ယမန်နေ့နံနက်(၇) နာရီမှ နေ့လည်(၁)နာရီအထိ ကျောက်တောကျေးရွာအုပ်စု၊ ကျောက်တောကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် ကျောက်တောကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများအား အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်အမှတ်(၄)၊ တပ်မတော်ဆေးရုံ (ခုတင်-၁၀၀) နယ်လှည့် ဆေးကုသရေးအဖွဲ့၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး) နယ်လှည့်ဆေးကုသရေး အဖွဲ့နှင့် မြို့နယ်တိုင်းရင်း ဆေးကုသရေးဦးစီးဌာနတို့မှ တာဝန်ရှိသူများက ဆေးဝါးကုသမှုများဆောင်ရွက်ပေးခြင်း၊ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်း၊ မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ကိုယ်ဝန်ဆောင်မိခင်(၇၂)ဦးနှင့် အသက်(၂)နှစ်အောက်ကလေးငယ်(၁၆၁)ဦးတို့အတွက် MCCT ထောက်ပံ့ကြေးငွေကျပ်သိန်း(၁၀၂၀၀၀၀၀)နှင့် သက်ကြီးအဖိုးအဖွား(၅)ဦးအတွက် လူမှုရေးပင်စင် ကျပ်(၁၅၀၀၀၀)ကို ထောက်ပံ့ပေးအပ်ခဲ့ပြီး မြို့နယ်အတွင်းရှိဌာနဆိုင်ရာများမှ ဌာနအလိုက်သက်ဆိုင်သည့် လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများသည် ကျေးရွာတာဝန်ခံများနှင့်တွေ့ဆုံကာ ကျောက်တောကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများ၏ ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်ချက်များအား ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှု အခြေအနေများကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဗထူးတပ်နယ်မှူး ဗိုလ်ချုပ်ကျော်စွာဦးနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးခဲ့ပြီး သက်ဆိုင်ရာဌာနတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။
ဆုမွန်(မြို့နယ်ပြန်/ဆက်)