ကျောက်မဲမြို့နယ်တွင် ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင်အဆင့်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

ကျောက်မဲ စက်တင်ဘာ ၁၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်း၊ ပတ္တမြားခန်းမတွင် ယမန်နေ့နံနက် ၉ နာရီအချိန်က ၂၀၂၂ ခုနှစ်၊ ၂၃ ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ခရိုင် အဆင့်ပြိုင်ပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ဖွင့်ပွဲအခမ်းအနားတွင် ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးက ၂ဝ၂၂ခုနှစ် (၂၃)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကြီးကို နိုင်ငံတော်ဦးတည်ချက်(၄)ရပ် ချမှတ်ပြီး ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း ဦးတည်ချက်များမှာ အမျိုးဂုဏ်၊ ဇာတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များ၊ အမျိုးသားရေလက္ခဏာများ မပျောက်ပျက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး၊ တိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုနှင့် အနုပညာအမွေအနှစ်များ၊ အမျိုးသားယဉ်ကျေးမှု စရိုက်လက္ခဏာများ မပျောက်ပျက်စေရန် ဖော်ထုတ်ထိန်းသိမ်းမြှင့်တင်ရေး၊ အမိနိုင်ငံတော်ကို ချစ်မြတ်နိုးသည့်စိတ်ဓာတ် ပိုမိုထွန်းကားစေရန် ရိုးရာယဉ်ကျေးမှု အနုပညာများကို ဖော်ထုတ်ထိန်းသိမ်းပြီး မျိုးဆက်သစ်လူငယ်များသို့ လက်ဆင့်ကမ်းပေးနိုင်ရေး၊ ထာဝရငြိမ်းချမ်းရေးကို ဖော်ဆောင်ရာတွင် ယဉ်ကျေးမှုကဏ္ဍမှ အထောက်အကူပြုနိုင်ရေး စသည်တို့ဖြစ်ပါကြောင်း အဖွင့်အမှာစကားပြောကြားခဲ့ပြီး ၂၃ ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲကို အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်‌ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် သက်အောင်ဇင်၊ ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ယင်းနောက် အဆို၊ အကများဖြင့်ဖျော်ဖြေခြင်း၊  အဆို၊ အက၊ အရေးအတီးပြိုင်ပွဲကို စတင်ယှဉ်ပြိုင်စေခဲ့ခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ပြိုင်ပွဲသို့ ကျောက်မဲ၊ သီပေါ၊ နောင်ချိုမြို့နယ်များမှ  အဆိုပြိုင်ပွဲဝင် ၁၃ ဦး၊  အက ပြိုင်ပွဲဝင် ၄၃ ဦး၊ စန္ဒယား အတီးပြိုင်ပွဲဝင် ၁ ဦးပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ဆုချီးမြှင့်ပွဲကို ယမန်နေ့မွန်းလွဲ ၃ နာရီအချိန်တွင် ဆက်လက်ကျင်းပရာ  ကျောက်မဲခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူအသီးသီးက ဒိုင်အဖွဲ့များအား ဂုဏ်ပြုလက်မှတ်များချီးမြှင့်ခြင်း၊ ဆုရရှိသူများအား ဆုများချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်များထဲမှ ထူးချွန်သူများကို ရွေးချယ်၍ ပြည်နယ်အဆင့် အဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲသို့ ဆက်လက်စေလွှတ် ယှဉ်ပြိုင်စေမည်ဖြစ်ကြောင်း သိရသည်။

မိုင်းထွန်း(ပြန်/ဆက်)