မောက်မယ် စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် BA4, BA5 ရောဂါကူးစက်ပြန့်ပွားမှုကို ထိရောက်စွာကာကွယ်နိုင်ရန်နှင့် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူလူထုပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးသုံးကြိမ်ထိုးနှံထားပြီး ခြောက်လပြည့်ပြီးသည့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုဝင်များ၊ ပြည်သူများအား ထပ်ဆောင်းကာကွယ်ဆေး Booster Dose စတုတ္ထအကြိမ်ထိုးနှံပေးခြင်းကို ယနေ့နံနက်၈နာရီခွဲက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်းသိရသည်။
ထိုသို့ထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ထမ်းများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ သွေးအတွင်းအောက်စီဂျင်ပါဝင်မှုပမာဏ တိုင်းတာခြင်းတို့ကို ဆောင်ရွက်ပေးပြီး ကာကွယ်ဆေးထိုးနှံပြီးသူများကို မိနစ်(၃၀)ခန့်အနားယူစေခြင်းများ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းမျိုးသန့်(မောက်မယ်)