မိုင်းယု စက်တင်ဘာ ၁၅
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ မိုင်းယုမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများ ကြိုတင်ကာကွယ်တားဆီးနိုင်ရေး၊ ရောဂါဖြစ်ပွားမှုနှုန်းလျော့ချနိုင်ရေးတို့အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိတို့ကို စစ်ဆေးကြီးကြပ်ရေးအဖွဲ့(၃)ဖွဲ့ဖြင့် နေ့ညမပြတ် အထူးကြပ်မတ်စစ်ဆေးခြင်းကို ယမန်နေ့ကစတင်၍ ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်နေလျက်ရှိသည်။
အဆိုပါ စစ်ဆေးဆောင်ရွက်ခြင်းများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့အုပ်ချုပ်ရေး ဦးအောင်ပြည့်ဖြိုး၏ ကြီးကြပ်မှုဖြင့် အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဦးစိုင်းတင့်ဆန်း ဦးဆောင်သည့် နှာခေါင်းစည်း (Mask) တပ်ဆင်ရေးဆော်ဩပညာပေး စစ်ဆေးရေးအဖွဲ့(၁)က နံနက်ပိုင်းအချိန်တွင် ခရီးသွားပြည်သူများ၊ ဈေးရောင်းဈေးဝယ် ပြည်သူများနှင့် လမ်းသွားလမ်းလာပြည်သူများကို နှာခေါင်းစည်းမတပ်ဘဲ သွားလာပါက ချက်ချင်း အခုဝယ်၊ အခုတပ် ဒဏ်ပေးစနစ်ဖြင့် အထူးကြပ်မတ်ကာ ဆော်ဩအသိပညာပေးခြင်းများ ပြုလုပ်ပေးလျက်ရှိသည်။
ယင်းနောက် နယ်မြေခံရဲတပ်ဖွဲ့မှ စခန်းမှူး ရဲအုပ် အောင်ဇော်မင်း ဦးဆောင်သည့် ညပိုင်း စားသောက်ဆိုင်များ စစ်ဆေးမှု ကြီးကြပ်ရေးအဖွဲ့(၂)နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးခွန်အာကာထွန်း ဦးဆောင်သည့် အဖွဲ့(၃)တို့က နေ့လည်ပိုင်းနှင့် ညပိုင်းတွင် ဖွင့်လှစ်ရောင်းချနေကြသည့် စားသောက်ဆိုင်များနှင့် ဈေးဆိုင်တို့တွင် ဆိုင်သို့ရောက်ရှိလာကြသည့် စားသုံးသူများအားလုံးကို ထိုင်စားသောက်ရန်နေရာ၌ လေဝင်လေထွက်ကောင်းမွန်စေပြီး ပြတင်းပေါက်များဖွင့်ထားရန်၊ တစ်ဦးနှင့်တစ်ဦးကြား တွင် ကတ်ထူပြား၊ မှန်ပြား၊ သစ်သားပြားနှင့် ပလတ်စတစ်အကြည်စတို့ဖြင့် အကန့် ကန့်ထားစေခြင်း၊ ငါးဦးထက်စုဝေး ထိုင်စားခြင်းမပြုရန်၊ ဆိုင်အဝင်တွင် လက်ဆေးစင်များထားရှိကာ လက်ဆေးပြီးမှ ဝင်ရောက်စားသောက်ရန်၊ စားသုံးသူများ ဝင်လာလျှင် နှာခေါင်းစည်း (Mask)တပ်စင်၍ လာမလာစစ်ဆေးပေးရန်၊ စားသုံးသူများထဲမှ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းများစသည့် သံသယရှိနေပါက ဆိုင်အတွင်းမလာရောက်ကြရန်နှင့် သက်ဆိုင်ရာဌာနများသို့ ဆက်သွယ်အကြောင်းကြားပေးပါရန်နှင့် ပျံကျဈေးသည်များကိုလည်း နှာခေါင်းစည်း (Mask)တပ်၍ လမ်းညွှန်ချက်များအတိုင်း ဈေးရောင်းချနိုင်ရေးအတွက် စသည့်ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ထားသည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားများနှင့်အညီ လိုက်နာဆောင်ရွက်ထားမှု အခြေအနေများကို အထူးကြပ်မတ် စစ်ဆေးဆောင်ရွက်နေလျက် ရှိကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)