မိုင်းယောင်းတွင် သွားလာရခက်ခဲသော တောင်ပေါ်တိုင်းရင်းသားကျေးရွာများ၌ ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေး

မိုင်းယောင်း စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ဝေးလံခေါင်သီပြီး သွားလာရခက်ခဲသော တောင်ပေါ်တိုင်းရင်းသားကျေးရွာဖြစ်သည့် ဟွေဖ(အပေါ်ရွာ)ရှိ ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများကို ယနေ့တွင် တာဝန်ရှိသူများက သွားရောက်ထိုးနှံပေးခဲ့သည်။

ရှေးဦးစွာ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းမင်းဇော်၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးနှင့် တာဝန်ရှိသူများက မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး စည်းမျဉ်းစည်းကမ်းများကို လိုက်နာခြင်း၊ ပါးစပ်နှင့် နှာခေါင်းစည်း (Mask)ကို စနစ်တကျတပ်ဆင်ခြင်းနှင့် နီးစပ်ရာကျန်းမာရေးဌာနများ၊ ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူး ရုံးများနှင့်ဆက်သွယ်၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုနှင့် ထပ်ဆောင်းကာကွယ် ဆေးများထိုးနှံခြင်းတို့ကို မပျက်မကွက် ဆောင်ရွက်ကြပါရန် အသိပညာပေးဆွေးနွေးခဲ့သည်။

ထို့နောက် ကျန်းမာရေးဝန်ထမ်းများက ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးနှင့် ထပ်ဆောင်းကာကွယ်ဆေးများကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

စိုင်းအောင်ဇော်လင်း