ဗန်းမော် စက်တင်ဘာ ၁၄
ကချင်ပြည်နယ် ဗန်းမော်မြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်မည့် ဗန်းမော်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၄)ရွာမှ ကျေးရွာကော်မတီ ဝင်များအား ကျေးရွာစီမံကိန်းစီမံခန့်ခွဲမှုနှင့် ငွေစာရင်းထိန်းသိမ်းနည်းသင်တန်းကို စက်တင်ဘာ ၁၄ ရက် နံနက် ၉ နာရီက ဗန်းမော်ခရိုင်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့က ပူးပေါင်းဖွင့်လှစ်ခြင်းကြောင်း သိရသည်။
သင်တန်းတွင် ဗန်းမော်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်စိုးအောင်က ကျေးရွာစီမံကိန်းအကောင်အထည်ဖော်ဆောင်ရွက်ရာတွင် စနစ်တကျ စီမံခန့်ခွဲနိုင်စေရန်နှင့် ငွေစာရင်း လုပ်ထုံးလုပ်နည်းနှင့်အညီ စနစ်တကျဆောင်ရွက်တတ်စေရန် ရည်ရွယ်၍သင်တန်း ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမဦးစီးဌာန၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ မြို့နယ်ဦးစီးမှူးတို့က စီမံကိန်း ဆောင်ရွက်ရခြင်းနှင့် စပ်လျဉ်း၍ အသီးသီးအမှာစကား ပြောကြား ခဲ့ကာ သင်းတန်းသား သင်တန်းသူများထံ သင်ထောက်ကူပစ္စည်းများ ပေးအပ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ စီမံကိန်းဆောင်ရွက်မည့် ကျေးရွာ(၈)ရွာ အား ကျေးရွာစီမံကိန်းကော်မတီဝင်(၇၀)ဦး၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာနမှ စီမံကိန်း ဆောင်ရွက်မည့်ကျေးရွာ(၂)ရွာအား ကျေးရွာစီမံကိန်းကော်မတီဝင်(၂၀)ဦး၊ မြို့နယ်သမဝါယမဦးစီး ဌာနမှ စီမံကိန်းဆောင်ရွက်မည့်ကျေးရွာ(၄)ရွာအား ကျေးရွာစီမံကိန်းကော်မတီဝင်(၁၁)ဦးတို့မှ စုစုပေါင်း သင်တန်းသား သင်တန်းသူ(၁၀၁)ဦးတက်ရောက်ကြပြီး မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်တန်းနည်းပြအဖြစ် ကျေးရွာစီမံကိန်းစီမံခန့်ခွဲမှုနှင့် ငွေစာရင်း ထိန်းသိမ်းနည်းများကို တစ်ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဗန်းမော်(ပြန်/ဆက်)