မိုင်းဆတ်မြို့၌ အသိပညာပေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်

မိုင်းဆတ် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အသိပညာပေးဟောပြောပွဲကွင်းဆင်းဆောင်ရွက်ခြင်းကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အမှတ်(၃) လူကုန်ကူးမှုတားဆီးနှိမ်နင်း ရေးရဲတပ်ဖွဲ့စိတ်နှင့် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ပူးပေါင်း၍   ယနေ့နံနက် (၉) နာရီခွဲက    အ.ထ.က(ခွဲ)(လ-၂) ကျောင်းတွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အမှတ်(၃)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စိတ်မှ ဒုတိယရဲမှူးလှဘုန်းက မြန်မာနိုင်ငံအတွင်းရှိ တိုင်းဒေသကြီး/ပြည်နယ်များတွင် ဖြစ်ပွားခဲ့သည့် လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးခြင်းခံရသူများ၏ ဒုက္ခများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ကူညီကယ်ဆယ်မှုလုပ်ငန်းများကို လည်းကောင်း၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က  ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စေခြင်း ရည်ရွယ်ချက်များ၊ စာဖတ်ခြင်းကြောင့် ရရှိနိုင်သော အကျိုးကျေးဇူးများ၊ လူငယ်ရေးရာဖွံ့ဖြိုးတိုးတက်မှုများနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးဆိုင်ရာများကိုလည်းကောင်း၊ ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သီရိအောင်က ဇီဝမျိုးစုံမျိုး ကွဲအကြောင်းအရာများ၊ ပတ်ဝန်းကျင် ထိန်းသိမ်းသင့်သည့်အချက်များ၊ ငလျင်လှုပ်ခတ်ရခြင်း အကြောင်းအရင်းများကိုလည်းကောင်း အသိပညာပေး ဟောပြောခဲ့ကြသည်။

ထို့နောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၏ဆိုးကျိုးများ၊ လူကုန်ကူးခံရမှုနှင့် လူကုန်ကူးခြင်း ခံရနိုင်သည့် အခြေအနေများပါရှိသည့် အသိပညာပေးနံရံကပ်စာစောင်နှင့် အသိပညာပေးဓာတ်ပုံများကို ကျောင်းသား၊ ကျောင်းသူများက လေ့လာကြည့်ရှုကြပြီး သုတ၊ ရသစာအုပ်စာစောင်များကို ငှားရမ်းဖတ်ရှုခဲ့ကြောင်း သိရသည်။

မြင့်မောင်(ပြန်/ဆက်)