ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် ထန်းတပင် မြို့နယ် တွင် စေတနာ့ဝန်ထမ်း (Volunteer) လိုအပ်နေ

ထန်းတပင်(ရန်ကုန်) စက်တင်ဘာ ၁၅

ကိုဗစ်-၁၉ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို ရန်ကုန်မြောက်ပိုင်းခရိုင်၊   ထန်းတပင် မြို့နယ် အတွင်း ဆောင်ရွက်သွားနိုင်ရန်အတွက်  စေတနာ့ဝန်ထမ်း ( Volunteer) များ လိုအပ်လျက်ရှိကြောင်း စက်တင်ဘာလ(၁၅)ရက်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး တွင် ကျင်းပပြုလုပ်ခဲ့သည့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အစည်းအဝေးမှသိရသည်။

အစည်းအဝေးတွင် မြို့နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသန်းဇော်လင်းက အ.ထ.က (ထန်းတပင်) အခြေခံပညာအထက်တန်း ကျောင်းကို Community Base Quarantine Center အဖြစ် ယနေ့မှ စတင်၍ အသုံးပြု ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ အသုံးပြုဆောင်ရွက်ရာတွင် သံသယရှိသူ (၇၀)ဦးကို ထားရှိ သွားနိုင်ရေး ဆောင်ရွက်ထားရှိပြီးဖြစ်ပါကြောင်း၊ မြို့နယ်အတွင်း သံသယလူနာများတွေ့ရှိပါက ခေါ်ယူ၊ လက်ခံ ဆောင်ရွက်သွားနိုင်ရေး ကိစ္စရပ်များနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေခဲ့ရာ အစည်းအဝေးသို့ တက်ရောက်လာကြသည့် မြို့နယ် ဆရာဝန်ကြီး ဒေါက်တာအောင်အောင် နှင့်  မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီအဖွဲ့ဝင်များက မြို့နယ် အတွင်း ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ ဆောင်ရွက်သွားရာတွင် စေတနာ့ဝန်ထမ်း (Volunteer) လိုအပ်ချက်အခြေအနေများ နှင့် ရောဂါကြိုတင် ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို ဆောင် ရွက်သွားနိုင်ရန် အတွက် စေတနာ့ဝန်ထမ်း(Volunteer)များ လိုအပ်လျက်ရှိနေပြီး စေတနာ့ ဝန်ထမ်းအဖြစ် ပါဝင်ကူညီဆောင်ရွက်လိုကြသူများ အနေဖြင့်လည်း ထန်းတပင်မြို့နယ် “စေတနာ” နာရေး ကူညီမှုအသင်း ဥက္ကဋ္ဌ၊ အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးသောင်းလွင် ဖုန်း - ၀၉၇၉၈၈၉၁၆၀၂ နှင့် အမှတ်(၁)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးတင့်နိုင် ဖုန်း-၀၉၇၉၈၈၉၁၆၀၁ ထံသို့ ဆက်သွယ်ဆောက်ရွက် နိုင်ကြောင်းလည်းသိရသည်။    

ဇင်မင်းထိုက်(ပြန်/ဆက်)