နောင်ချိုမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ပေါက်ကွဲစေတတ်သော ပစ္စည်းများ၏ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေးTalk Show ဆွေးနွေးပွဲဆောင်ရွက်

နောင်ချို စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ပူးပေါင်း၍  ပေါက်ကွဲ စေတတ်သောပစ္စည်းများ၏ ဘေးအန္တရာယ်လျော့ပါးရေး အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သန်းသန်းထွေးက အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့ပြီးနောက် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တပ်ခွဲမှူး ဒေါ်ခင်ချိုအေးက ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ ပေါက်ကွဲစေတတ်သော စစ်လက်နက်အကြွင်းအကျန်ပစ္စည်းများဖြစ်သည့် မြေမြုပ်မိုင်းနှင့် ပတ်သက်သည့် ဆိုးကျိုးများနှင့် ဆောင်ရန်၊ ရှောင်ရန်များကို ပြည်သူများ အသိပညာဗဟုသုတ ရရှိစေရန်အတွက် ပြည့်စုံစွာ ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နောင်ချိုမြို့နယ်ရုံးအနေဖြင့်  ပြည်သူများ အသိပညာဗဟုသုတများ တိုးပွားစေရန်ရည်ရွယ်၍ အသိပညာပေးTalk Show ဆွေးနွေးပွဲများကို  သက်ဆိုင်ရာ နေ့ထူး၊ နေ့မြတ်များအလိုက် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ချိတ်ဆက်၍  Online မှတစ်ဆင့်ရိုက်ကူး ထုတ်လွှင့်ပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ်(နောင်ချို၊ပြန်/ဆက်)