ပင်းတယမြို့နယ်၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့ စဉ်ဆက်မပြတ် နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ပင်းတယ စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ရေဖြူကျေးရွာ အုပ်စု၊ ရေဖြူကျေးရွာ  ဘုန်းတော်ကြီးကျောင်းတွင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး   လုပ်ငန်းများဆောင်ရွက်ရန်အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့်ဒေသခံပြည်သူများ    တွေ့ဆုံပွဲအား ယနေ့နံနက် ၁၀ နာရီခွဲက  ကျင်းပသည်။

အဆိုပါတွေ့ဆုံပွဲတွင် ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းထွန်းဦးနှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးတို့မှ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျေးလက်ဒေသများ လျှပ်စစ်မီးလင်းရေး၊ ရေရရှိရေးလုပ်ငန်းများ၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ အကြိမ်ပြည့် ထိုးနှံနိုင်ရေး၊ နိုင်ငံသားတိုင်း နိုင်ငံသားစီစစ်ရေးကတ် ကိုင်ဆောင်ခွင့်ရရှိရေးလုပ်ငန်းများနှင့် ပတ်သက်၍ နိုင်ငံတော်မှ ဆောင်ရွက်ပေးနေမှုအခြေအနေများကို   ပြည်သူများ သိရှိနားလည် သဘောပေါက်စေရန် ရှင်းလင်းပြောကြားပေးသည်။

ထို့နောက် ပင်းတယမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်သမဝါယမဦးစီးဌာန၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သက်ဆိုင်ရာ တာဝန်ရှိသူများက မိမိတို့ဌာနအလိုက် ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့်ပတ်သက်၍ အသီးသီး ချ​ပြရှင်းလင်းဆွေးနွေး ပြောကြားပေးခဲ့သည်။ အဆိုပါတွေ့ဆုံပွဲသို့် တက်ရောက်လာသည့် မိဘပြည်သူများ၏ တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ပြန်လည်ဖြေကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ကိုဦး   (ပြန်/ဆက်)