သီပေါ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ မဟာမြတ်မုနိဘုရားကြီး သီတဂူစက္ခုဒါန ဆေးရုံတော်ကြီးတွင်(၄၉)ကြိမ်မြောက် အခမဲ့မျက်စိစမ်းသပ် ခွဲစိတ်ကုသခြင်းကို ယနေ့နံနက် (၈)နာရီကစတင်၍ မျက်စိဝေဒနာရှင်များအား စမ်းသပ်ကုသပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ မျက်စိဝေဒနာရှင်များအား အခမဲ့ စမ်းသပ်ခွဲစိတ်ကုသပေးခြင်းကို ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ် အဓိပတိ သီတဂူဆရာတော် ဒေါက်တာအရှင်ဉာဏိဿရ ဦးဆောင်ဦးရွက်မှုနှင့် သီပေါမြို့မဟာမြတ်မုနိဘုရားကြီး အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တပညာသီရိ၏ ကြီးကြပ်မှုဖြင့် ရန်ကုန်၊ မန္တလေး၊ပြင်ဦးလွင်၊ စစ်ကိုင်းစသည့် မြို့ကြီးများမှ မျက်စိအထူးကု ဆရာဝန်ကြီးများက စက်တင်ဘာလ ၁၄ ရက်နေ့မှ (၁၈)ရက်နေ့ အထိ (၅)ရက်ကြာ စမ်းသပ်ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း၊ သီပေါမြို့နှင့် အနီးတစ်ဝိုက်မြို့များဖြစ်သော လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ နမ့်ဆန်(မြောက်)၊ မိုင်းငေါ့၊ မိုင်းလုံ စသည့်မြို့များမှ မျက်စိဝေဒနာရှင်များ၊ သီပေါမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ မျက်စိဝေဒနာရှင်များ လာရောက်စမ်းသပ်ကုသလျက်ရှိကြောင်း မျက်စိဝေဒနာရှင်များအား ကိုဗစ်-၁၉ရောဂါကာကွယ်နိုင်စေရန်အတွက် သီပေါမြို့ နယ်စည်းမခြားပရဟိတအသင်းမှ အပူချိန်တိုင်းတာ စစ်ဆေးပေးခြင်း၊ လက်သန့်ဆေးရည်များဖြင့်လက်သန့်စင်ပေးခြင်း၊ပါးစပ် ၊ နှာခေါင်းစည်း(Mask)များဝေငှပေးခြင်းများကို ကုသိုလ်ယူ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မဟာမြတ်မုနိ ဘုရားကြီး အကျိုးတော်ဆောင် ဆရာတော်ထံမှ သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)