မိုးညှင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေး ဟောပြောပွဲကျင်းပ

မိုးညှင်း စက်တင်ဘာ ၁၄

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယနေ့ နံနက်(၉)နာရီ မိနစ်(၃၀)က ကျောင်းသား၊ ကျောင်းသူ များအား တီထွင်ကြံဆတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးပြီး စာဖတ်သည့် အလေ့အထ ကောင်းများ ရရှိစေရန်နှင့် အသိပညာဗဟုသုတတိုးပွားစေရန် ရည်ရွယ်၍ ပြပွဲ၊ ပြိုင်ပွဲများနှင့် အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မိုးညှင်းခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာများ၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေး ဆိုင်ရာ ဆောင်ရန်ရှောင်ရန် နည်းလမ်းကောင်းများကို အသိပညာပေးပြောကြားသည်။ ဆက်လက်၍ စက္ကူအရုပ် ခေါက်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပရာ  အ.မ.က(မူလွန်) အရှေ့စုကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၂၇)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး  လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာများ၊ မူးယစ်ဆေးဝါး အန္တရာယ်အကြောင်း သိကောင်းစရာများ၊ ကိုဗစ်−၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ ဆောင်ရန် ရှောင်ရန် နည်းလမ်းကောင်းများနှင့် အလုပ်အကိုင်အခွင့်အလမ်းများ စသည့်နံရံကပ်စာစောင်များနှင့် ခင်းကျင်း ပြသထားသည့် စာအုပ်စာစောင်များကို ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။

၎င်းပြင် စက်တင်ဘာ (၁၅)ရက်တွင်လည်း ပုံပြင်ပြော၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)