ကော့မှူး စက်တင်ဘာ ၁၄
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် အခြေခံပညာကျောင်းများမှ ကျောင်းသား/ကျောင်းသူ လူငယ်လူရွယ်များ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတရရှိစေရန် စာဖတ်ရှိန်မြှင့်တင်စေရန်ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ လက်ခိုက်ကျေးရွာအခြေခံပညာမူလတန်းလွန်ကျောင်း(လက်ခိုက်)၌ ရွေ့လျားစာကြည့်တိုက်ယာဉ်ဖြင့် စာအုပ်စာစောင်များအား အခမဲ့ငှားရမ်းဆောင်ရွက်ပေးနေကြသည်။
အဆိုပါ ရွေ့လျားစာကြည့်တိုက်ယာဉ်ပေါ်တွင် ကျောင်းသား/ကျောင်းသူများစာဖတ်သည့် အလေ့အကျင့်ကောင်းများ တဖြည်းဖြည်းတိုးတက်လာစေရန်၊ စာအုပ်စာပေကိုချစ်မြတ်နိုးစေရန်၊ ဗဟုသုတတိုးပွားစေရန်ရည်ရွယ်၍ သုတ/ရသစာအုပ်များ၊ ရုပ်ပြပုံပြင်စာအုပ်များ၊ မဂ္ဂဇင်းစာအုပ်များ၊ ဝတ္တုစာအုပ်များအား စုံလင်စွာငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ကော့မှူးမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများသည် စာဖတ်ပရိတ်သတ်များနှင့် ကျောင်းသား၊ ကျောင်းသူများ အားလပ်သောအချိန်များတွင် စာအုပ်စာပေဖတ်ရှုခြင်းဖြင့် ဖြတ်သန်းစေရန်နှင့် အသိပညာဗဟုသုတများစွာရရှိစေရန် ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများအရောက် စာအုပ်စာစောင်များကို ရက်သတ္တပတ်နှစ်ပတ်လျှင်တစ်ကြိမ် စာအုပ်အသစ်များဖြင့် လဲလှယ်ငှားရမ်းပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်သူရ( ပြန်/ဆက်)