သထုံ စက်တင်ဘာ ၁၄
မွန်ပြည်နယ်၊ သထုံမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း တည်ဆောက်ထားသည့် အောက်ဆီဂျင်စက်ရုံ လည်ပတ်နေမှုအခြေများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်း ဦးဆောင်သည့်အဖွဲ့တို့က ယမန်နေ့ မွန်းလွဲပိုင်းက လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ကြည့်ရှုစစ်ဆေးရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဆွေဝင်းနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများတို့က စက်ရုံလည်ပတ်ထုတ်လုပ်နေမှု အခြေအနေများ၊ သီးသန့်ကြပ်မတ်ကုသဆောင်သို့ အောက်ဆီဂျင်ပို့လွှတ်နေမှု အခြေအနေများကို စစ်ဆေးရာ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကျော်ဝင်းဇော်နှင့် တာဝန်ရှိသူတို့က လိုက်လံရှင်းလင်းပြသပြီး ခရိုင်စီမံအာပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က လိုအပ်သည်တို့ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံမှာ သထုံခရိုင် ပြည်သူ့ဆေးရုံ သီးသန့်လူနာဆောင်၌ တက်ရောက်ကုသနေသည့် ကိုဗစ်-၁၉ လူနာများအတွက် အရေးပေါ် အောက်ဆီဂျင် လုံလောက်မှုရှိစေရန် မွန်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် တည်ဆောက်ထားခြင်းဖြစ်ပြီး လက်ရှိအချိန်၌ အောက်ဆီဂျင် ထွက်ရှိမှု ပမာဏမှာ ၄၅ မိနစ်လည်ပတ်အချိန်အတွင်း ၄၀ လီတာဝင်အိုး ၄ လုံးထွက်ရှိကြောင်း သိရသည်။
နဒီ(ပြန်/ဆက်)