သံတွဲ စက်တင်ဘာ ၁၄
ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အမျိုးသမီးများအဖွဲ့ (Woman Club) တို့ပူးပေါင်း၍ သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ(၂)နာရီက စာရေးဆရာDrမြင့်သန်းထွန်း၏ “ပြည်သူများအတွက်ကျန်းမာရေးဆိုင်ရာအကြံပြုချက် ဆောင်းပါးများ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမြတ်ဖြူက "သဝန်တိုခြင်းနှင့်ကျန်းမာရေး "ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာ အဖွဲ့အတွင်းရေးမှူး ဒေါ်သင်းသင်းမာက "စိတ်ဖိစီးမှုနှင့်ကျန်းမာရေးပြဿနာများ" ခေါင်းစဉ်ဖြင့်လည်းကောင်း ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဒေါ်သန်းသန်းနွယ်က "ပင်စင်စားများနှင့် ကျန်းမာရေး "ခေါင်းစဉ်ဖြင့်လည်းကောင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က "ကိုယ်ခန္ဓာအဝလွန်ခြင်းနှင့် ကျန်းမာရေး "ခေါင်းစဉ်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပါသည်။
သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ဝန်ကြီးဌာန၏ ရည်မှန်းချက်တာဝန် (၃)ရပ်ဖြစ်သော ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန်ဆိုသည်နှင့်အညီ ပြည်သူများအတွက် ပြည်သူ့စာကြည့်တိုက်လုပ်ငန်း၊ ရွေ့လျားစာကြည့်တိုက်လုပ်ငန်း၊ အသိပညာပေးအစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ပေးခြင်း၊ စာဖတ်ဝိုင်းများ၊ နံရံကပ်စာစောင်ပြသခြင်း၊ ပြပွဲပြိုင်ပွဲများ ကျင်းပပေးခြင်းများကိုလည်း ဆောင်ရွက်ပေးလျက်ရှိသည်။
စန္ဒာကြည် (ခရိုင်ပြန်/ဆက်)