ပြင်ဦးလွင်ခရိုင်၊ လူထုအခြေပြုဗဟိုဌာနတွင် “အိုဇုန်းလွှာအကြောင်းသိကောင်းစရာ” အသိပညာပေး Talk Show ကျင်းပ

ပြင်ဦးလွင် စက်တင်ဘာ ၁၄

ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမတွင် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်း လွှာထိန်းသိမ်းရေးနေ့ (World Ozone Day) အထိမ်းအမှတ်အဖြစ် “ အိုဇုန်းလွှာအကြောင်း သိကောင်းစရာ” အသိပညာပေး Talk Show  ကို  ယနေ့မွန်းလွဲ ၂ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများအား အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ ဌာနဆိုင်ရာများ၊ လူမှုရေး အသင်း အဖွဲ့များ ၊ မြို့နယ်စာရေးဆရာအသင်းတို့နှင့်အတူ ပူးပေါင်း၍ Talk Show အစီအစဉ်များကို စဉ်ဆက်မပြတ် ကျင်းပလျက်ရှိပါကြောင်း၊ ယခုအခါတွင် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် “အိုဇုန်းလွှာအကြောင်း သိကောင်းစရာ”  အသိပညာပေး Talk Show ဆွေးနွေးပွဲကို သက်ဆိုင်ရာဦးစီးဌာန ဖြစ်သော ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အတူပူးပေါင်းစီစဉ်ကျင်းပရခြင်းကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြင်ဦးလွင်ခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဆုဆုမြတ်က အိုဇုန်းလွှာအကြောင်း၊ အိုဇုန်းလွှာ၏ အကျိုးပြုပုံ၊ အိုဇုန်းလွှာပေါက်ခြင်း အကြောင်းအရင်းများ၊ အိုဇုန်းလွှာထိခိုက်ပျက်စီးခြင်း၏ ဆိုးကျိုးသက်ရောက်မှုများ၊ အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်ချက်များနှင့် အိုဇုန်းလွှာထိန်းသိမ်းရေးအတွက် အကြံပြုချက်များကို အများပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေး ဆွေးနွေးပြောကြားခဲ့သည်။ အဆိုပါ အိုဇုန်းလွှာအကြောင်း အသိပညာပေး Talk Show ကို ပြင်ဦးလွင်ခရိုင် ပြည်သူ့စာကြည့်တိုက် Facebook Page တွင်လည်း ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ပြန်/ဆက်)