ဆီဆိုင်မြို့နယ်၌ သဘာဝဘေးအန္တရာယ်ရေးဆိုင်ရာအသိပညာပေး (Talk Show) ကျင်းပ

ဆီဆိုင် စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်​ရဒေသ၊ ဆီဆိုင်မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့ ပူးပေါင်း၍ ငလျင်ဘေး တုံ့ပြန်ရေးဆိုင်ရာ အသိပညာပေး(Talk Show)ကို  ယနေ့ နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်နွေးနွေးယုက Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ဆီဆိုင်မြို့နယ်ဦးစီးမှူးရုံးမှ ဦးစီးမှူး ဦးရဲဝင်းအောင်က မြန်မာနိုင်ငံတွင် ဖြစ်ပွားလေ့ရှိသည့် သဘာဝဘေးအန္တရာယ်များကိုရှင်းလင်းဆွေးနွေးပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာများထဲမှ ငလျင်တုံ့ပြန်ရေးဆိုင်ရာများနှင့် ပတ်သက်၍ ပြည်သူများအနေဖြင့် ငလျင်ဘေးအတွက် ကြိုတင်ပြင်ဆင်ရန်များ၊ ငလျင်လှုပ်နေစဉ်တွင် လိုက်နာရမည့် အချက်များ၊ ငလျင်လှုပ်နေစဉ်တွင် ရှောင်ရှားသင့်သည့်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ပြုလုပ်ရန်အချက်များ၊ ငလျင်လှုပ်ပြီးနောက် ရှောင်ရှားသင့်သည့်အချက်များကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)