မိုင်းဖြတ်မြို့နယ်၌ ဒေသထွက် သခွားမွှေးသီးများ လှိုင်လှိုင်ပေါ၍ ဈေးကောင်းရရှိ

မိုင်းဖြတ်  စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်ရှိ တစ်ပိုင်တစ်နိုင် သခွားမွှေး စိုက်တောင်သူများသည်  သီးနှံများလှိုင်လှိုင်ပေါပြီး ရင့်မှည့်ချိန်ရောက်ပြီဖြစ်၍ ဆွတ်ခူး ရောင်းချရာတွင် ယခင်နှစ်ထက် ဈေးကောင်းရရှိကြောင်း သခွားမွှေးစိုက်တောင်သူတစ်ဦးထံက သိရသည်။

သခွားမွှေးစိုက်ပျိုးခြင်းနှင့်ပတ်သက်ပြီး   “ကျွန်မတို့က တောင်ယာစပါးစိုက်ပျိုးတော့ နှစ်တိုင်း သခွားမွှေးစိုက်ပါတယ်၊ အရင်နှစ်ကတော့ ပုံမှန်အတိုင်းရောင်းချနေတဲ့ ဈေးနှုန်းအတိုင်း အလုံးအကြီးအသေးပေါ်မူတည်ပြီး ကျပ်(၅၀၀)ကနေ ကျပ်(၃၀၀၀)အထိတော့ရပါတယ် ဒီနှစ်ကတော့ အလုံးအကြီး၊ အသေးအလိုက် ကျပ်(၁၀၀၀)ကနေ (၅၀၀၀)အထိရပါတယ်၊ အခု ပြည်ထောင်စုလမ်းမကြီးဘေးမှာ လာရောင်းတာဆိုတော့ ခရီးသွားပြည်သူတွေက ဝယ်ယူ အားပေးတော့ ရောင်းကောင်းပါတယ်၊ ရောင်းတာက အနီးနားတစ်ဝိုက် ကျေးရွာကနေ လာရောင်းကြတာပါဟု ဆွပ်ပန်းကျေးရွာနေ ဒေါ်မာထုထံက သိရသည်။

မိုင်းဖြတ်မြို့နယ်တွင် သခွားမွှေးသီးကို တောင်ပေါ်ဒေသများတွင် နေထိုင်ကြသည့် အာခါနှင့် လားဟူတိုင်းရင်းသားများက အများဆုံးစိုက်ပျိုးကြသည်။ သီးသန့်အဖြစ် စိုက်ပျိုးလေ့မရှိဘဲ တောင်ယာစပါးခင်းများအကြား သီးညှပ်အဖြစ် စိုက်ပျိုးကြသည်။ သီးနှံများ ရင့်မှည့်ချိန်များတွင် မြို့မဈေးသို့လည်းကောင်း၊ ပြည်ထောင်စုလမ်းမကြီးဘေး ဆိုင်လေးများဖြင့်လည်းကောင်း ရောင်းချကြသည့်အတွက် မိသားစုအပိုဝင်ငွေများ ရရှိကြောင်းသိရသည်။ 

သန်းထွန်းအေး