မြင်းခြံ စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်မြို့နယ်အဆင့်ဌာန ဆိုင်ရာများပူးပေါင်းပါဝင်သည့် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ဒေသဖွံ့ဖြိုးရေး၊ အေးချမ်းတည်ငြိမ်ရေးနှင့် တရားဥပဒေစိုးမိုးရေး လုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် စစ်ကြောင်းကြီး (၅) ကြောင်းဖြင့် ကျေးရွာများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၁၀)နာရီ အချိန်ခန့်က အိုင်းမကျေးရွာ ဓမ္မာရုံတွင် ပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆိုပါ ဒေသဖွံ့ဖြိုးရေးတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးတင်ငြိမ်းက ဒေသဖွံ့ဖြိုးရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ရပ်ရွာအေးချမ်းတည်ငြိမ်ရေးတို့အတွက် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်းပါဝင်သော စစ်ကြောင်းကြီး (၅)ကြောင်းဖြင့် ကျေးရွာများသို့ ကွင်းဆင်း ဆောင်ရွက်ပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး ထွန်းလင်းအောင်က ရပ်ရွာအေးချမ်းတည် ငြိမ်ရေးနှင့် လုံခြုံရေးဆိုင်ရာများကို လည်းကောင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက မိမိတို့ဌာနအလိုက် လုပ်ငန်း ဆောင်ရွက်ပေးနေမှု အခြေအနေများနျင့် ကျေးရွာဖွံ့ဖြိုးရေး ပူးပေါင်းဆောင်ရွက်သွားနိုင်မည့် အခြေအနေများကို မိမိတို့ဌာနအလိုက် တာဝန်ရှိသူများက ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ တွေ့ဆုံပွဲ အပြီးတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အိုင်းမကျေးရွာရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ အိုင်းမကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ ပြည်သူများ စုစုပေါင်း (၂၅၀) ဦးခန့် တက်ရောက် ခဲ့ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)