သီပေါ စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club)၊ အမျိုးသမီးအသင်း(Women Club)နှင့် လူငယ်အသင်း(Youth Club) တို့ ပူးပေါင်း၍ စာပေဝါသနာရှင်များ စာပေအသိအမြင် ဗဟုသုတများ ဆွေးနွေးဖလှယ် နိုင်စေရန်နှင့် စာပေဖတ်ရှု သည့်အလေ့အကျင့်ကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် (၉)နာရီက စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်နီလာစိုးက စာဖတ်ဝိုင်း ဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီးနောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ဝင်ဦးစိုင်းဆိုင်လောဝ်၊ ဦးမျိုးပိုင်သက်၊ အမျိုးသမီးအသင်း (Women Club) အဖွဲ့ဝင် ဒေါ်ဝိုင်းသူဇာခင်၊ဒေါ်ဌေးဌေးဝင်း၊လူငယ်အသင်း(Youth Club) အဖွဲ့ဝင် မလင်းလက်သော်တာ၊ နန်းမွမ်းဆိုင်တို့က စာရေးဆရာ ချစ်စံဝင်း ၏ “စိတ်ကောင်းရှိဖို့သည် ပထမ” စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ ၄င်းတို့၏ အတွေး၊ အသိ၊ အမြင်များကို အသီးသီး အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲကို ဖွဲ့စည်းထားသော Club အသင်းအဖွဲ့များနှင့်လည်းကောင်း၊ စာပေဝါသနာရှင်များ နှင့်လည်းကောင်း မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန ခန်းမတွင် လစဉ်ပြုလုပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)