တာမွေ စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နေ့လယ်ပိုင်းအချိန် က တာမွေမြို့နယ် မေတ္တာညွန့်ရပ်ကွက် အဝေရာလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင် က တာမွေမြို့နယ်အတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဌာနဆိုင်ရာများအနေဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်တဲ့နေရာမှာ လိုအပ်ချက်တွေ၊ အခက်အခဲတွေရှိရင် ပွင့်ပွင့်လင်းလင်းတင်ပြကြရန် ထိုကဲ့သို့ တင်ပြမှသာ မိမိတို့ အနေနဲ့ ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မှာ ဖြစ်ပါကြောင်း၊ မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် စစ်ကြောင်းကြီး (၅)ကြောင်းဖြစ်သည့် တရားဥပဒေစိုးမိုးရေး၊ အုပ်ချုပ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကာကွယ်ရေးစသည့် အဖွဲ့များတွင် ပါဝင်သည့် ဌာနဆိုင်ရာများအနေဖြင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများတွင် တက်တက်ကြွကြွပူးပေါင်း ဆောင်ရွက်ကြရန်၊ လက်ရှိအခြေအနေတွင် ကိုဗစ်-၁၉ ဆေးထိုးခြင်းကို ရပ်ကွက်ပြည်သူများနှင့် ကျောင်းသား/ သူများအား ပထမအကြိမ်နှင့် ထပ်ဆောင်းကာကွယ်ဆေးများ ထိုးနှံပေး လျက်ရှိကြောင်း၊ မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးအတွက် ကြိုတင်ကာကွယ်ရေးလုပ်ငန်းတွေနဲ့ အသိပညာပေးခြင်း လုပ်ငန်းတွေမှာ မြို့နယ်အဆင့် ဌာနဆိုင်ရာများအနေနဲ့ အထူးပါဝင် ဆောင်ရွက်ပေးကြဖို့ လိုအပ်ပါကြောင်း၊ မိမိတို့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် ဝန်ထမ်းအိမ်ရာများ အတွင်း/အပြင် သန့်ရှင်း သာယာလှပ စေရေးအတွက်လည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်နှင့် မိမိတို့ရုံးဌာနများ လုံခြုံရေးအတွက် အထူးဂရုပြု ဆောင်ရွက်ကြရန်၊ သက်ဆိုင်ရာဌာနများအနေဖြင့် ကဏ္ဍအလိုက် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်တဲ့နေရာမှာ ဒေသခံပြည်သူများအတွက် အကျိုးရှိပြီး ထိရောက်မှုရှိတဲ့ လုပ်ငန်းများဖြစ်ဖို့ အဓိကထား ဆောင်ရွက်ကြရန် စသည်ဖြင့် ပြောကြားခဲ့ရာ တက်ရောက်လာကြသော တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးနှင့် ကာကွယ်ရေးစသည့် ဒေသဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် အသေးစိတ် ရှင်းလင်းဆွေးနွေးတင်ပြခဲ့ကြရာ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုးအောင် က တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။
အစည်းအဝေးသို့ တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မို့မို့အောင် (ပြန်/ဆက်)