တံတားဦးမြို့နယ်တွင် ကျေးလက်နေပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းလိုအပ်ချက် ဖြည့်ဆည်းနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ကွင်းဆင်းဆောင်ရွက်

တံတားဦး စက်တင်ဘာ ၁၃

တံတားဦးခရိုင် တံတားဦးမြို့နယ်အတွင်း ကျေးလက်နေပြည်သူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း လိုအပ်ချက်များ ဖြည့်ဆည်းနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများမှ အရှိန်အဟုန်မြှင့်ကွင်းဆင်းဆောင်ရွက်ခြင်းနှင့် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့နယ် ကန်ချောအုပ်စု အေးကြည်ကုန်းကျေးရွာ သီရိမင်္ဂလာခန်းမ၌ ကျင်းပကြောင်းသိရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် တံတားဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုက ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ၊ ကျေးရွာပြည်သူ့လုံခြုံရေးလုပ်ငန်းများ၊ တရားဥပဒေစိုးမိုးရေးဆိုင်ရာများကိုလည်းကောင်း၊ အဖွဲ့ဝင်ဗိုလ်မှူးသန်းနိုင်ဦးက နိုင်ငံတော်စီမံအုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်များနှင့်ဦးတည်ချက်များကို အကောင်အထည်ဖော်ဆောင်ရွက်မှု အခြေအနေများနှင့် မြို့နယ်အတွင်း ပြည်သူများလုံခြုံရေးများကိုလည်းကောင်း၊ မြို့နယ်အဆင့်သက်ဆိုင်ရာဌာနများမှ  ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။

အဆိုပါ တွေ့ဆုံဆွေးနွေး၌ ဒေသခံပြည်သူများက ကျေးရွာအလိုက်ဒေသလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသဖွံ့ဖြိုးရေးအတွက် ပညာရေး၊ ကျန်းမာရေး၊ ကျေးလက်လမ်း၊ ကုန်ထုတ်လမ်း၊ ရေရရှိရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးအစရှိသည့် လုပ်ငန်းများကို ဆွေးနွေးတင်ပြကြရာ တက်ရောက် လာကြသည့် ဒေသခံပြည်သူများ၏ တင်ပြဆွေးနွေးမှုများအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး သက်ဆိုင်ရာဌာနများအလိုက် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ရဲတင့်