မိုင်းယု စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်၊ မိုင်းယုမြို့၊ တာကြန့် ကျေးရွာအုပ်စု၊ တာကြန့်ကျေးရွာတွင် ဒေသခံရှမ်းရိုးရာဓလေ့ ဝေဿန္တရာ ဇာတ်တော် (တန်းဌာန်း)ပွဲတော်ကို ယနေ့နံနက်ပိုင်းက အဆိုပါကျေးရွာရှိ ဘုန်းကြီးကျောင်းများ၌ အလှည့်ကျ၍ ပွဲတော်ကို ကျင်းပပြုလုပ်နေလျက်ရှိသည်။
အဆိုပါ ရိုးရာပွဲကို မိုင်းယုမြို့ဒေသတွင်းရှိ ဒေသခံရှမ်းတိုင်းရင်းသားတို့သည် တစ်နှစ်တာအတွင်း သေဆုံးသူ မိဘဘိုးဘွားများအား ရည်မှန်း၍ နောင်ဘဝတွင် ပြည့်စုံကောင်းမွန်စွာ နေထိုင်နိုင်ရေးအတွက် ဝေဿန္တရာဇာတ်တော်ခင်းပွဲ(တန်းဌာန်း)ပွဲတော်ကို နှစ်စဉ် တော်သလင်းဆန်းပိုင်း တစ်ရက်နေ့မှစ၍ လပြည့်ကျော်နေ့အထိသာ ရပ်ကွက်/ကျေးရွာ များတွင် အလှည့်ကျဖြင့် ကျင်းပလေ့ရှိကြောင်း သိရသည်။
ယင်းပွဲတော်ကို ယခင်နှစ်က အလှူပြုသူ(သေဆုံးသူမိသားစုဝင်)များမှ အိမ်တွင်လည်းကောင်း၊ ဘုန်းကြီး ကျောင်းတွင်လည်းကောင်း စုပေါင်း၍ အကျွေးအမွေးဖြင့် ဧည့်ခံလှူဒါန်းခြင်း၊ ဘုန်းတော်ကြီး ကျောင်း၌ ဝေဿန္တရာပါဠိတရားတော်များကို ပွဲတော်ပြီးမြှောက်သည်အထိ ရွတ်ဖတ်ပူဇော်ခြင်း၊ ဘုရားကျောင်းပုံစံအိမ်ငယ်များ၊ ဓမ္မရုံပုံစံငယ်များ၊ ဇရပ်ပုံစံငယ်များ၊ အိမ်အသုံးအဆောင်ပစ္စည်းအမျိုးမျိုး၊ ရှမ်းရိုးရာဝတ်စုံ အမျိုးမျိုးတို့ဖြင့် ပြုလုပ်ဆက်ကပ်လှူဒါန်းခြင်း၊ တရားနားကြားသူများမှ လှူဖွယ်ဝတ္ထု အစုစုတို့အတွက် ပုံးငယ်အတွင်း ထည့်ကာ သံဃာတော်အား ဆက်ကပ်လှူဒါန်းပေးခြင်း၊ တရားဘာဝနာ အားထုတ်ခြင်းတို့ဖြင့် ကုသိုလ်ပြုလုပ်ကျင်းကြပြီး အဆိုပါ ရိုးရာဓလေ့ ဝေဿန္တရာဇာတ်တော်ခင်းပွဲ (တန်းဌာန်းပွဲတော်)မှာ ဒေသခံရှမ်းတိုင်းရင်းသားတို့၏ နှစ်စဉ် တစ်နှစ်တာအတွင်း သေဆုံးသူ မိဘဘိုးဘွားများအားရည်စူးကာ ကုသိုလ်အဖြစ် အလှူပြုပေးရသည့် ရိုးရာဓလေ့ ပွဲတစ်ခုဖြစ်ကြောင်း သိရသည်။
ကိုကိုနိုင်