လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲ ကျင်းပ

သံတွဲ စက်တင်ဘာ ၁၄

သံတွဲခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁နာရီက သံတွဲခရိုင်လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့နှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်က လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ သံတွဲမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မျိုးနိုင်က လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်များကိုလည်းကောင်း၊ သံတွဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူး ဒေါ်သင်းသင်းမာက အမျိုးသမီးများအကြမ်းဖက်မှုမှ ကာကွယ်ရေးဆိုင်ရာများကို အသိပညာပေးဟောပြောခဲ့ကြသည်။

ဆက်လက်၍ လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဝင်းမြတ်ဖြူနှင့် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စန္ဒာကြည်တို့က ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုများကို အသီးသီးချီးမြှင့်ပေးခဲ့ကြပြီး ဆုရကျောင်းသား၊ ကျောင်းသူများနှင့်အတူ မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အခမ်းအနားအပြီးတွင် တက်ရောက်လာကြသူများက သံတွဲခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး နံရံကပ်စာစောင်များကို  ကြည့်ရှုလေ့လာခဲ့ကြသည်။

ခရိုင် (ပြန်/ဆက်)