လားရှိုး စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့်ကာလအတွင်း ဒေသတွင်းစားနပ်ရိက္ခာဖူလုံရေး၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ဒေသခံပြည်သူလူထုများအား စားသောက်ရေး အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် (၇)နာရီအချိန်က ရပ်ကွက်(၉)အုပ်ချုပ်ရေးမှူးရုံးရှေ့၊ ဘူတာစျေးအနီးတွင် နယ်မြေခံတပ်၊ တပ်မတော်သားများမှ အခြေခံစားသောက်ကုန်များကို စျေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးလျက်ရှိသည်။
ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်များမှ တစ်နိုင်တစ်ပိုင် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနှင့် ဘက်စုံ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများမှ ထွက်ရှိသည့် ဆန်၊ ဆီ၊ ဆား၊ အသား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ နို့ထွက်ပစ္စည်းများ၊ ဟင်းသီးဟင်းရွက်များ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနှင့် တပ်မတော်စက်ရုံများမှ ထုတ်လုပ်သည့် ခေါက်ဆွဲခြောက်၊ ဘီစကွတ်နှင့် စည်သွပ်ဘူးများ စသည့်ပစ္စည်းများကို ပြင်ပပေါက် စျေးထက် သက်သာသော စျေးနှုန်းများဖြင့် ရောင်းချပေးလျက်ရှိသည်။ အဆိုပါ အခြေခံ စားသောက် ကုန်များရောင်းချခြင်းကို လားရှိုးမြို့ပေါ်ရှိစျေးများ အနီးတွင် အလှည့်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
စိုင်းအောင်ကျော်စိုး