စဉ့်ကိုင်မြို့နယ်၌ သဘာ၀ရေပြင်ဖြစ်သော ဒုဌဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကျင်းပ

စဉ့်ကိုင်   စက်တင်ဘာ ၁၄

စိုက်ပျိုးရေး  မွေးမြူရေးနှင့် ဆည်မြောင်း၀န်ကြီးဌာန၊ မန္တလေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ဧည့်ပြကျေးရွာအတွင်းရှိ  သဘာ၀ရေပြင်ဖြစ်သော ဒုဌဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်(၈)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၀င်(၁) ဒုဗိုလ်မှူးကြီး ဇော်နိုင်ဦး၊ အဖွဲ့၀င်(၂)ဦးအောင်သူ၊ မန္တ လေးတိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး   ဦးသံချောင်းနှင့် အဖွဲ့၀င်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့၀င်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ ကျောက်ဆည်ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ   ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ခိုင်၀င်းနှင့် ၀န်ထမ်းများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှတာ၀န်ရှိသူများနှင့်  ၀န်ထမ်းများ၊ ကူမဲငါးလုပ်ငန်းစခန်းတာ၀န်ခံ ဦးစောအောင်ကိုလတ်နှင့်၀န်ထမ်းများက ၂လက်မအရွယ် ငါးမြစ်ချင်း ငါးသန်  ငါးသားပေါက်ကောင်ရေ နှစ်သိန်း၊ငါးခုံးမကြီးငါးသန် ငါးသားပေါက်ကောင်ရေ တစ်သိန်း၊ စုစုပေါင်း ငါးသန်ကောင်ရေ သုံးသိန်း ငါးမျိုးများကို ဒုဌဝတီမြစ်အတွင်း  စိုထ်ထည့်ပေးခဲ့ကြသည်။

ငါးမျိုးများစိုက်ထည့်ပေးခြင်းဖြင့်ပြည်သူများ ငါးစားသုံးမှုဖူလုံစေရေး၊ ကျေးလက်ဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကျေးလက်နေပြည်သူများ စားနပ်ရိက္ခာဆင်းရဲမှု လျော့ပါး ပျောက်ကွယ်သွားစေရန်၊ သဘာဝရေပြင်တွင် ငါးမျိုးများ ပြန်လည်တည်တံ့စေရန် ငါးမျိုးသုန်းမှုမှ ကာကွယ်ရန်၊ ငါးထုတ်လုပ်မှုပိုမိုတိုးတက်လာစေရန်နှင့် သဘာ၀အတိုင်း ငါးမျိုးပေါက်ဖွားစေရန်ရည်ရွယ်ပြီး  စိုက်ထည့်ပေးခြင်းဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအနေဖြင့် ငါးမျိုးသိန်းနှစ်ရာ့ လေးဆယ်လျာထားပြီးယနေ့အထိ(၈၀%)စိုက်ထည့်ပေးပြီးဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးသံချောင်းထံက သိရသည်။

ကျော့မူယာမောင်(ပြန်/ဆက်)