ကျောက်ပန်းတောင်း စက်တင်ဘာ ၁၄
မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့တွင် ပြည်သူများ စားသောက်ကုန်ပစ္စည်းများကို ပြင်ပပေါက်ဈေးထက်၊ ဈေးနှုန်းချိုသာစွာ ဝယ်ယူရရှိနိုင်စေရန်အတွက် ယနေ့နံနက်က မြို့မစည်ပင်သာယာဈေးအနီး မြို့မရဲစခန်းရှေ့တွင် ကျောက်ပန်းတောင်းတပ်နယ်မိသားစုများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုများက သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်းသိရသည်။
အဆိုပါ စားသောက်ကုန်များ ရောင်းချပေးရာတွင် ကျောက်ပန်းတောင်းတပ်နယ်မိသားစုများက ကြက်၊ ဝက်၊ အမဲသားနှင့် ငါးသေတ္တာဘူးများ၊ ဆန်နှင့်ဟင်းသီးဟင်းရွက်များ၊ နွားနို့နှင့်ကြက်ဥများကိုလည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမိသားစုများက ပန်းဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ ဆီနှင့်ကြက်ဥများကိုလည်းကောင်း ဈေးနှုန်းသက်သာစွာ ဖြင့်ရောင်းချပေးကြသည့်အပြင် မြို့နယ်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်ကြီးများအသင်းကလည်း စာအုန်းဆီများကို တစ်ပိဿာ (၅၉၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားသောက်ကုန်များ ဈေးနှုန်းချိုသာစွာရောင်းချပေးသည့်နေရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူးဦးသန်းလွင်နှင့်ဝန်ထမ်းများက ပြည်သူများ ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှ ကာကွယ်စေရန်အတွက် နှာခေါင်းစည်း Mask အခုရေ(၁၀၀၀)ကိုလည်း အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ ဈေးရောင်းချရာသို့ ကျောက်ပန်းတောင်းတပ်နယ်မှူး ဗိုလ်မှူးကြီးဟိန်းဆက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးစိုးနိုင်အေးတို့က လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး မြို့နယ်ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းတပ်ဖွဲ့စိတ်မှ ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများ ကူညီဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)