မိုင်းဆတ် စက်တင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း အိုမီခရွန်ကာကွယ်ရေးအတွက် ခရိုင်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဦးစီးဌာနနှင့် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ Mask Campaign ဆောင်ရွက်ခြင်းနှင့် အသိပညာပေးခြင်းကို ယနေ့နံနက်(၈) နာရီက မြို့မဈေးရှေ့နှင့် ဈေးအတွင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ခြင်းနှင့် အသိပညာပေးခြင်းဆောင်ရွက်ရာတွင် ခရိုင်သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဦးစီးမှူး ဒေါ်စန္ဒာရွှေနှင့်ဝန်ထမ်းများ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနဝန်ထမ်းတို့က ကိုဗစ်-၁၉ ရောဂါဗီဇပြောင်း အိုမီခရွန်ကာကွယ်ရေးအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှု (၆)လပြည့်ပြီးသူတိုင်း Booster ထပ်ဆောင်းကာကွယ်ဆေး ဆက်လက်ထိုးနှံရေး၊ ပြည်သူများနေအိမ်ပြင်ပသို့ ထွက်ပါက နှာစည်း (mask) စနစ်တကျ တပ်ဆင်သွားလာရေး၊ ကျန်းမာရေး ဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး စည်းကမ်းချက်များကို ဆက်လက်လိုက်နာ ဆောင်ရွက်ရန်လိုကြောင်း အသိပညာပေးခြင်းနှင့် Mask အခမဲ့ဖြန့်ဝေခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)