ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးနေ့ အထိမ်းအမှတ်ဟောပြောပွဲကျင်းပ

ရန်ကင်း စက်တင်ဘာ ၁၄

သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်​ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲကို ရန်ကင်းပညာရေးဒီဂရီကောလိပ် မြတ်ပညာခန်းမ၌ ယမန်နေ့နံနက် ၁၀:၀၀ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ရန်ကင်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ဆရာကြီး ဦးအောင်မြတ်စိုးက အဖွင့်အမှာစကားပြောကြားရာတွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးကို အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် သတ်မှတ်ထားသဖြင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရန်၊ လူကုန်ကူးခံရမှု ပုံစံအမျိုးမျိုးမှ ကင်းဝေးစေရန် အသိပညာပေးဟောပြောပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ ရန်ကင်းမြို့နယ် ဒုရဲမှူးကြီးအောင်မင်းက လူကုန်ကူးမှုတားဆီးကာကွယ်ရေးအတွက် လူကုန်ကူးမှုအန္တရာယ်နှင့် နောက်ဆက်တွဲဆိုးကျိုးများကို အများပြည်သူသို့ အသိပညာပေးခြင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာသင်တန်းများ ပေးနိုင်ရေးဆောင်ရွက်ခြင်း၊ လူကုန်ကူးခံရသူများ၊ အထူးသဖြင့် အမျိုးသမီးနှင့်ကလေးငယ်များအား ကာကွယ်စောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းလုပ်ငန်းများအား ဆောင်ရွက်ခြင်းများကို  လုပ်ဆောင်ပေးလျက်ရှိကြောင်း အသိပညာပေး ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် လူကုန်ကူးမှုတားဆီးကာကွယ်ရေး ဥပဒေများနှင့်ပတ်သက်၍ သိကောင်းစရာများကို မြို့နယ်ဥပဒေအရာရှိဒေါ်ချစ်ဖူးငုံက  လူကုန်ကူးမှုတားဆီးကာကွယ်​ရေးကို အမျိုးသားတာဝန်အဖြစ်သတ်မှတ်၍ နိုင်ငံသားအားလုံးပူးပေါင်းဆောင်ရွက်ရန်၊ လူကုန်ကူးမှုဆိုင်ရာအသိပညာများ ပြည်သူလူထုအတွင်း စိမ့်ဝင်ပျံ့နှံ့စေရန်၊ လူကုန်ကူးမှုခံရသူများအား စာနာနားလည်ခြင်းဖြင့် ကာကွယ်စောင့်​ရှောက်နိုင်ရန်နှင့် အားလုံးပူးပေါင်းဆောင်ရွက်ကြရန်လိုအပ်ပြီး လူကုန်ကူးမှုအပါအဝင် နိုင်ငံဖြတ်ကျော်မှုခင်းများ ကြီးထွားလာခြင်းအကြောင်း အရင်းဖြစ်သည့် အဂတိလိုက်စားမှုကို ထိရောက်စွာတားဆီးခြင်း၊ လူမှောင်ခိုပွဲစားများအား စောင့်ကြည့်၍ လိုအပ်သလို အရေးယူခြင်းများကို ဆောင်ရွက်ခြင်း၊ လူကုန်ကူးမှုကျူးလွန်သူများကို ထိရောက်သော ပြစ်ဒဏ်ချမှတ်ခြင်းစသည့် ဥပဒေ၊ နည်းဥပဒေများကို သိရှိလိုက်နာဆောင်ရွက်နိုင်ရန်  ရှင်းလင်းဆွေးနွေးခဲ့သည်။

သို့ဖြစ်ရာ စာစီစာကုံး၊ ဉာဏ်စမ်းပဟေဠိ၊ နံရံကပ်စာစောင်၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြိုင်ပွဲများတွင် ဆုရရှိသူများအား အသီးသီးပေးအပ်ချီးမြှင့်ခဲ့ပြီး အခမ်းအနားကို ကိုဗစ်-၁၉ ဆိုင်ရာကြိုတင်တားဆီးကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)