ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဟိုပုံးမြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ပြုလုပ်

ဟိုပုံး စက်တင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်တွင် နောင်တောင်း အခြေခံပညာအလယ် တန်းကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းခိုင်ဦးက အားကစားနှင့် ဗလငါးတန်ခေါင်းစဉ်ဖြင့် လူငယ်များ ကျောင်းပညာရေးအပြင် အားကစားကဏ္ဍကို လေ့လာလိုက်စားရေး၊ အားလပ်ချိန်များတွင် ကျန်းမာကြံ့ခိုင်ပြီး ဉာဏ်ရည် ထက်မြက်ရေးအတွက် အချိန်ကိုအကျိုးရှိစွာအသုံးချရေးနှင့် အားကစားကဏ္ဍဆိုင်ရာ သိကောင်းစရာများ၊ အားကစားပညာရပ်များဖြစ်သည့် ဘောလုံး၊ ဘော်လီဘော၊ ခြင်းလုံး၊ ပြေးခုန်ပစ်၊ စစ်တုရင်၊ စားပွဲတင်တင်းနစ်နှင့် ကြက်တောင်ရိုက်နည်းစနစ်များ၊ အားကစားလေ့ကျင့်ခြင်းဖြင့် ရရှိသည့် အကျိုးကျေးဇူးများ၊ အားကစားနှင့် ကျန်းမာရေးအကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ပြီးနောက် အားကစားနည်းပညာဆရာမှ အားကစားပြုလုပ်ခြင်း၏အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းခိုင်ဦးက ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြောင်း သိရသည်။

ပအိုဝ်းဒေသ(ပြန်/ဆက်)