မိုင်းခုတ် စက်တင်ဘာ ၁၄
၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၁၃ ရက်၊ ယနေ့တွင် ကျရောက်သော လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်ပြပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနနှင့် ပညာရေး ဌာနတို့ပူးပေါင်း၍ ယမန်နေ့ နေ့လယ် ၁ နာရီက အခြေခံပညာအထက်တန်းကျောင်း (မိုင်းခုတ်)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဉီးစွာ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းခမ်းဖောင်က ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဉီးစီးမှူး ဒေါ်ယဉ်ယဉ်ဝင်းက လူကုန်ကူးမှုတိုက်ဖျက်ရေးခေါင်းစဉ်ဖြင့် လူကုန်ကူးမှု ၏အဓိပ္ပာယ်၊ လူကုန်ကူးမှုဖြစ်ပေါ်လာပုံ၊ လူကုန်ကူးခြင်းခံရနိုင်သည့် အခြေအနေများ၊ လူကုန်ကူးမှုသမိုင်းကြောင်းများ၊ လူကုန်ကူးမှုပြဿနာများ၊ တားဆီးကာကွယ်ရေးလုပ်ငန်းများနှင့် တိုက်ဖျက်ရေးလုပ်ငန်းများ စသည့်အကြောင်းအရာများကို အကျယ် တဝင့်ဆွေးနွေးဟောပြောခဲ့ကြောင်း သိရသည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဝန်ထမ်းများက ယူဆောင်လာသော အသိပညာပေး သုတ၊ ရသစာအုပ်များ၊ ရုပ်ပုံပြ ပုံပြင်၊ ကဗျာစာအုပ်များဖြင့် နယ်လှည့်စာကြည့်တိုက်အဖြစ် ဆောင်ရွက်ပေးခဲ့ပြီး လူကုန်ကူးမှုဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များအား ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)