ဘီးလင်း စက်တင်ဘာ ၁၄
မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေး နှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူအောင်၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးကြိုတင်ကာကွယ်ရေးအတွက် ဒေသခံမိဘပြည်သူများနှင့် ခရီးသွားပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာသည့်အခါတိုင်း ပါးစပ်နှင့်နှာခေါင်းစည်း(Mask)ကို စနစ်တကျ တပ်ဆင်သည့် အလေ့အကျင့်ကောင်းများ ဆက်လက် လိုက်နာကျင့်သုံးစေရေးအတွက် ယမန်နေ့ နံနက် (၈) နာရီအချိန်မှစ၍ ဘီးလင်းမြို့နယ် မင်္ဂလာစျေးအရှေ့နှင့် မင်္ဂလာဈေးအတွင်း၊ ကန်သာယာရပ်ကွက် (၈) နီလာဈေးအရှေ့နှင့် နီလာစျေးအတွင်းနှင့် အထက ကန်သာယာကျောင်းအရှေ့တို့တွင် ပူးပေါင်းအဖွဲ့ ဖြင့် Mask Campaign ပြုလုပ်၍ (Mask)များကို(အခမဲ့)ဖြန့်ဝေပေးကြောင်း သိရှိရသည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် ဒေသခံများနှင့် ခရီးသွားပြည်သူများအား ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ နေထိုင် လုပ်ကိုင် သွားလာစေရေး အသိပညာပေးခြင်း ဈေးဆိုင်များတွင် ရောင်းချနေသူများ၊ ဈေးဝယ်သူ မိဘပြည်သူများထံ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့များ ပူးပေါင်း၍ Mask ခုရေ (၂၅၀၀)ခုကို အခမဲ့ ဖြန့်ဝေကာ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ တပ်ဆင်ရေး၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး အကြိမ်ပြည့် မပျက်မကွက် ထိုးနှံရေးတို့ကို အသိပေးပြောကြားခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထူးနောင်