မွန်ပြည်နယ် ဝန်ကြီးချုပ် ဦး​ဇော်လင်းထွန်း ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်​ရေးနှင့်အ​ရေး​ပေါ်တုံ့ပြန်နိုင်​ရေး​ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်​ရောက်

မော်လမြိုင် စက်တင်ဘာ ၁၄

မွန်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်​ရေးနှင့် ​ကြိုတင်ပြင်ဆင်ခြင်းများ ဆောင်ရွက်နိုင်​ရေးအတွက် မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်​ရေးနှင့် အ​ရေး​ပေါ်တုံ့ပြန်နိုင်​ရေး​ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို  ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်​နေ့၊ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်​ရေးနှင့်အ​ရေးပေါ်တုံ့ပြန်နိုင်ရေးကော်မတီဝင်များ တက်​ရောက်ခဲ့သည်။

အစည်းအ​ဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အနေဖြင့် အစုလိုက် အပြုံလိုက် ရောဂါပိုးမတွေ့ရှိရသေးသော်လည်း ရောဂါပိုးတွေ့ရှိနှုန်း တဖြည်းဖြည်း မြင့်တက်လာနေတာကို တွေ့ရှိလာရသည့်အတွက် ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်​ရေး​ အထူးအ​လေးထား ​ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ ပြည်တွင်းကူးစက်နေမှုကို တွေ့ရှိနေရသောကြောင့်ပြည်နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပြီးစီးမှု လွှမ်းခြုံမှုနှုန်း (၁၀၀%) နီးပါး ထိုးနှံပြီးဖြစ်သော်လည်း မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါပိုး Omicron နှင့် ၎င်း၏ မျိုးစိတ်အသစ် ရောဂါပိုးများ အန္တရာယ်မှ ကာကွယ်နိုင်စွမ်း မြင့်မားစေရန် ထပ်​ဆောင်းကာကွယ်ဆေးထိုးခြင်းများကို အရှိန်အဟုန်မြှင့်ဆက်လက် ဆောင်ရွက်သွားရမှာဖြစ်​ကြောင်း၊ လူစု​လူဝေးဖြင့် အသွားအလာများသည့်​ နေရာများနှင့် လူအများစု​ဝေးရာ​နေရာများ တွင် Mask မဖြစ်မနေ တပ်ဆင်ရေးအတွက် Mask Campiagn လုပ်ငန်းများကို မြို့နယ်အတွင်းသတ်မှတ်ထားသည့် ရက်များအလိုက် အပတ်စဉ် ဆောင်ရွက်သွားဖို့ လိုသလို ရောဂါကူးစက်မှုမရှိစေရေး ထုတ်ပြန်ထားတဲ့ စည်းကမ်းများကို ပြည်သူတစ်ဦးချင်း သိရှိလိုက်နာစေရေး အသိပညာပေး လုပ်ငန်းများကိုလည်း ​ဆောင်ရွက်ကြရမည်ဖြစ်​ကြောင်း၊ အထူးသဖြင့် ရုံး/ ဌာနများအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရန်အတွက် ဆောင်ရွက်ရမည့် လုပ်ငန်းလမ်းညွှန်ချက်နှင့်အညီ ဌာနဆိုင်ရာများ လိုက်နာဆောင်ရွက်ကြရန်နှင့် ကြိုတင်စီစဉ်ဆောင်ရွက်ထားရမည့် အချက်များကိုလည်း ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားရမှာဖြစ်​ကြောင်း၊ ပြည်နယ်အတွင်း ကိုဗစ်-၁၉​ရောဂါပိုး အစုလိုက် အပြုံလိုက်ကူးစက်မှုမရှိစေရေး ကြိုတင်ကာကွယ်​ရေး လုပ်ငန်းစဉ်များ၊ ရောဂါပိုး တွေ့ရှိလာပါကလည်း တုံ့ပြန်ဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်များကို အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးသွားကြရန် ​ပြောကြားခဲ့သည်။

ထို့​နောက် ပြည်နယ်၊ ခရိုင်၊ မြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်​ရေးနှင့်အ​ရေး​ပေါ်တုံ့ပြန်နိုင်​ရေး​ကောမတီဝင်များမှ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု ထိန်းချုပ်နိုင်​ရေးနှင့် ​ကြိုတင် ပြင်ဆင်ခြင်းများ ဆောင်ရွက်ထားရှိမှု၊ ထပ်​ဆောင်း ကာကွယ်​ဆေးထိုးနှံ​ပေး​နေမှု၊ အသိပညာ​ပေးလုပ်ငန်းများနှင့် ကုသရေးဆေးရုံ၊ ကုသရေး Center နှင့် Quarantine Centre များ​၊ လိုအပ်သည့် Oxygen များရရှိနိုင်​ရေး ဆောင်ရွက်ထားရှိမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြမှုအ​ပေါ် ပြည်နယ်ဝန်ကြီးများမှ ဖြည့်စွက်ဆွေး​နွေးတင်ပြခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင် ရွက်​ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း လူဦးရေ(၂၂) သိန်းကျော်ရှိပြီး ကာကွယ်ဆေးထိုးနှံရမည့် (၁၈)နှစ်အထက် လူဦးရေ (၁၂၃၃၇၉၄)ဦး ရှိသည့်အနက်အကြောင်း အမျိုးမျိုးကြောင့် ကာကွယ်ဆေး မထိုးနှံနိုင်သည့် ဦးရေ (၁၈၇၀၅၁)ဦးအား ချန်လှပ်၍ ပထမအကြိမ် ကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၁၀၄၆၇၄၃)ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ (၉၇၆၄၈၉)ဦး၊  Booster (3 rd Dose) ထိုးနှံပြီးစီးသူ (၂၉၀၇၄၉)ဦး၊ Booster (4 th Dose) ထိုးနှံပြီးစီးသူ (၁၅၈၉၇) ဦး ထိုးနှံပြီးစီးခဲ့ပြီး အလားတူ အသက် (၅)နှစ်မှ (၁၂)နှစ်အတွင်းကာကွယ်ဆေး ထိုးနှံရမည့် အခြေခံပညာကျောင်းသား၊ ​ကျောင်းသူ လျာထားဦးရေ (၂၅၅၅၆၂) ဦးအား ပထမအကြိမ် (၂၄၅၃၄၃)ဦး၊ ဒုတိယအကြိမ်(၂၃၅၄၇၃)ဦး၊ အသက် (၁၂)နှစ်အထက်မှ (၁၈)နှစ်အတွင်း ကာကွယ်ဆေးထိုးနှံရမည့် အခြေခံပညာ ကျောင်းသား၊ ​ကျောင်းသူ လျာထားဦးရေ (၄၆၁၂၄)ဦးအား ပထမအကြိမ်(၄၅၁၅၉)ဦး၊ ဒုတိယအကြိမ် (၄၃၂၉၇)ဦး ထိုးနှံပြီးစီး ပြီးဖြစ်ကြောင်း သိရသည်။

 

ခင်စန်းမြင့် (ခရိုင်ပြန်/ဆက်)