သထုံမြို့၊ ရွှေချောင်းအခြေခံပညာမူလတန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားရေး နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်

 

သထုံ စက်တင်ဘာ ၁၄

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေးအတွက် စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲပိုင်းက နန်းခဲရပ်ကွက်ရှိ ရွှေချောင်း၊ အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်ဖွင့်လှစ်ပေးပြီး အသိပညာပေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြ‌သည်။

နယ်လှည့်စာကြည့်တိုက် ဖွင့်လှစ်ရာရာတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ကျောင်းသူ‌၊ ကျောင်းသားများ အားလပ်ချိန်ကို အကျိုးရှိစွာ အသုံးပြုကြရေး၊ ကျောင်းစာကိုကြိုးစားကြသလို ဗဟုသုတတိုးပွားရေးအတွက် ပြင်ပစာ‌ စာပေများကိုပါ လေ့လာဖတ်ရှုကြရေးတို့ကို ဆွေးနွေးပြီး ကျောင်းသား၊ကျောင်းသူများက ခင်းကျင်းထားသည့် စာအုပ်စာစောင်များကို စိတ်ကြိုက်ရွေးချယ်ဖတ်ရှုကာ စာဖတ်စွမ်းရည်ယှဉ်ပြိုင်ခြင်းများ ပြုလုပ်ခဲ့ကြသည်။

အဆိုပါ အသိပညာပေးလုပ်ငန်းတွင် ကျောင်းသူ၊ ကျောင်းသားများ ဖတ်ရှုလေ့လာနိုင်ရန် ကလေးကဗျာများ၊ ရုပ်ပြပုံပြင်များ၊ စာစောင်များစသည့် ကလေးများ အသိပညာတိုးပွားရေး စာအုပ်စာပေများကို ခင်းကျင်းပြသခြင်း၊ လက်ဝယ်အရောက် ငှားရမ်းပေးခြင်းတို့အပြင် စာဖတ်ရှိန်မြှင့်တင်ရေး၊ သဘာ၀‌ဘေးအန္တရာယ်၊ မူးယစ်‌ဆေးဝါးအန္တရာယ် စသည့်အသိပညာပေး နံရံကပ်စာစောင်များတို့ကို ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါ၀င်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)